Tuesday, May 17, 2016

"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်းတစေ့တစောင်း"

(ယခင်စာ"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်းတစေ့တစောင်း"မှအဆက်>>)


၁၈၈၅ နိုဝင်ဘာမှာ အင်္ဂလိပ်က မြန်မာပြည်ကို အပြီးသိမ်းလိုက်ပါတယ်။ ဒီချိန်မှာ သီပေါဘုရင်လက်ထက် ဗမာပြည်နဲ့ ကူးလူးဆက်ဆံမှု များခဲ့တဲ့ ရှမ်းစော်ဘွားတွေကစပြီး အတူနေခဲ့ကြတဲ့ သွေးချင်းဘုရင်ဆိုတဲ့ ညီညွတ်ရေး ပြည်ထောင်စုစိတ်ဓာတ် ဓာတ်ခံနဲ့ အင်္ဂလိပ်ကို တော်လှန်ကြပါတယ်။ နောက်ပိုင်း ချင်း-ကချင်-မွန်-ရခိုင် စတာတွေပါ တော်လှန်ကုန်ကြတယ်။ ဒါပေမယ့် တပ်ပေါင်းစုအဖြစ် မစုစည်းမိဘဲ ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ အင်္ဂလိပ်စစ်တပ်ရဲ့ ချေမှုန်းမှုဟာ ခဏတာမျှ ရပ်တန့်နားနေသွားခဲ့တယ်။ တိုင်းရင်းသားတွေဟာ ကိုယ့်ပြည်ထောင် ကိုယ့်နယ်ပယ်နဲ့ တသီးတသန့်နေခဲ့ကြသော်လည်း ပြည်ထောင်စုစိတ်ဓာတ်ရှိလို့သာ အရေးကြုံတဲ့အခါ သွေးစည်းလာခဲ့ကြတာဖြစ်တယ်။ ပြည်ထောင်စုစိတ်ဓာတ်ဟာ အဲ့ဒါပါပဲ…။ အရေးကြုံလာရင် သွေးစည်းဖို့ပါပဲ။

အင်္ဂလိပ်ဟာ မြန်မာပြည်ထောင်စုနိုင်ငံအဝန်းကို သိမ်းလုံးအုပ်ချုပ်လိုက်ပေမယ့် အစပထမ ပြည်နယ်တစ်ခုအဖြစ်တောင် သဘောမထားခဲ့ကြပါဘူး။ အိန္ဒိယလို နယ်အကြီးကြီးကိုမှ ပြည်နယ်သတ်မှတ်ပြီး မြန်မာပြည်ထောင်စုကိုတော့ ပြည်နယ်လို့တောင် မသတ်မှတ်ခဲ့ဘဲ အိန္ဒိယနယ်အောက် သွတ်သွင်းထားခဲ့တာဖြစ်တယ်။ ၁၉၀၀ ပြည့်နှစ်ကျော် ကာလများမှာ မြန်မာလူငယ်တွေဟာ မျက်စိပွင့်-နားပွင့်လာကြပြီး ဟုမ္မရူးလ်(Home Rule) (ခ) အိန္ဒိယကနေ ခွဲထွက်ပြီး တသီးတခြား ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တောင်းဆိုလာကြပါတယ်။ ဝိုင်အမ်စီအေ-ဝိုင်အမ်ဘီအေတို့လို လူငယ်ဘာသာရေးအသင်းအဖွဲ့တွေကနေ ဂျီစီဘီအေ အဖွဲ့တွေပေါ်ပေါက်လာပြီး နိုင်ငံရေးနိုးကြားတက်ကြွလာကြတယ်။ အဲ့ဒီလူငယ်တွေ-တက်ကြွလှုပ်ရှားမှုခေါင်းဆောင်တွေထဲမှာ တိုင်းရင်းသားတွေ ပါတယ်။ "အရေးကြီးရင် သွေးနီးတယ်"ဆိုတာဟာ ပြည်ထောင်စုစိတ်ဓာတ် မိသားစုစိတ်ဓာတ်ကို ရည်ညွှန်းတာဖြစ်တယ်။

၁၉၂၀ မှာ ပထမ ကျောင်းသားသပိတ်ဖြစ်တယ်။ ဝံသာနုအသင်းက ဦးဆောင်ပြီး အခွန်မပေးရေး ဆန့်ကျင်လှုပ်ရှားမှုတွေ ပေါ်တယ်။ အများကြီးပဲ…။ အရှိန်ကောင်းလာတယ်။

၁၉၃၀မှာ ဆရာစံအရေးတော်ပုံဖြစ်တယ်။ အဲ့ဒီနှစ်မှာပဲ တို့ဗမာအစည်းအရုံးပေါ်ပေါက်လာပြီး သခင်လူငယ်တွေ များစွာထွက်ပေါ်လာတယ်။ ၁၉၃၆ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုနုနဲ့ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရတဲ့အတွက် ဒုတိယကျောင်းသားသပိတ်ဖြစ်လာတယ်။

၁၉၃၇ မှာ ဗြိတိသျှတို့ဟာ ဗမာပြည်အဖြစ် အိန္ဒိယကနေ ခွဲထုတ်ပေးလိုက်တယ်။ ၁၉၃၈ ရေနံမြေသပိတ်မှာ ဗိုလ်အောင်ကျော် ကျဆုံးတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားတဲ့ ၁၉၄၂ မှာပဲ မြန်မာပြည်ကို ဂျပန်ဝင်လာတယ်။ ၁၉၄၅ မှာ အင်္ဂလိပ်နဲ့ မဟာမိတ်တပ်များကို ဂျပန်ကို အပြီးတိုက်ထုတ်ပြီးဖြစ်တယ်။ ဂျပန်ဝင်လာခါစမှာရော ဂျပန်ကို ပြန်တိုက်ထုတ်တဲ့နေရာမှာရော အဓိကစွမ်းဆောင်ခဲ့တာကတော့ ရဲဘော်သုံးကျိပ်နဲ့ဖွဲ့စည်းခဲ့တဲ့ ဗမာ့တပ်မတော်ရဲ့ဦးဆောင်မှုနောက်မှာ ကချင်-ကယား-ကရင်-ချင်း-မွန်-ဗမာ-ရခိုင်-ရှမ်းအစရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံး ထူးထူးကဲကဲ မကြုံဖူးတဲ့ ညီညွတ်မှုမျိုးနဲ့ ဘုံရန်သူတွေအားလုံးကို မြန်မာ့မြေပေါ်ကနေ နှင်ထုတ် တိုက်ထုတ်နိုင်ခဲ့တာဖြစ်တယ်။ ခိုင်မာပေါင်းစည်းမိတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကြီးဟာ အဲ့ဒီနယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေးတွေမှာ ရုန်းကြွနိုးထလာခဲ့တာဖြစ်တယ်။

အာရှစစ်မျက်နှာပြင်မှာ စစ်ဦးဘီလူးဂျပန်တပ်မဟာကြီးရဲ့ တပ်သားအကျအဆုံး အများဆုံးဖြစ်စေခဲ့တဲ့ မြန်မာပြည်ထောင်စုသား တိုင်းရင်းသားပြည်သူတွေရဲ့ ညီညွတ်ရေးစွမ်းပကားကို အံ့မခန်း နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရတဲ့ အင်္ဂလိပ်ဟာ သူတို့ပြန်ဝင်လာတဲ့ ၁၉၄၅ မှာပဲ တောင်ပေါ်ရယ်-မြေပြန့်ရယ်ဆိုပြီး သွေးခွဲအုပ်ချုပ်ဖို့ ကြံစည်တော့တာပဲ။

● ပင်လုံ အကြို - မိုင်းကိုင်ညီလာခံ

**************************

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ မေ(၁၇)တွင် ဗြိတိသျှအစိုးရ၏ စက္ကူဖြူစာတမ်းအရ တောင်တန်းဒေသများအတွက် ၁၉၄၆ ခုနှစ် နယ်ခြားဒေသများဆိုင်ရာ စည်းမျဉ်းဥပဒေဖြင့် သွေးခွဲအုပ်ချုပ်ရန် ကြံစည်ခဲ့သည်။ တောင်တန်းဒေသများမှ ရှမ်းစော်ဘွားများ၊ ကချင်ဒူးဝါးများ၊ ကရင်စော်ကဲများ၊ ချင်းတောင်အုပ်များ၊ ကရင်နီ (ကယား)စောဖျာများစသည်ကို နယ်ခြားဒေသ များဟု ပူးပေါင်းကာ ဘုရင်ခံ၏ ကြိုးကိုင်မှုအောက်တွင် ထားရှိနိုင်ရေး ရည်ရွယ်ခဲ့ကြသည်။

ရှမ်းစော်ဘွားများ ယင်းကာလအတွင်း နယ်ပယ်စုစည်းကြပုံကို သမိုင်းသုတေသီ ဒေါက်တာမြင့်သိန်းရေးသားသော သံတော်ဆင့်သတင်းစာ-အတွဲ(၁) အမှတ်(၄၈)ပါ ဆောင်းပါးတွင် အောက်ပါအတိုင်းဖတ်ရှုနိုင်သည်။

"ရှမ်းစော်ဘွားများကလည်း ဒုတိယ ကမ္ဘာစစ်အပြီးတွင် မိမိတို့၏ပဒေသရာဇ်စနစ်ကို အသွင်ပြောင်းရန်စီစဉ်လာ သည်။ ပထမဦးစွာ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အရေး ပိုင်မှတစ်ဆင့် နယ်စပ်ဒေသများဆိုင်ရာ ညွှန်ကြားရေးဝန် မစ္စတာပိယော့စ်ထံသို့ ရှမ်းပြည်အနာဂတ်အတွက် အကြံပေးစီမံ ကိန်းတစ်ခုကို တင်သွင်းလိုက်သည်။ ထိုစီမံကိန်းမှာ သူတစ်နယ် ငါတစ်မင်းအုပ်ချုပ်နေသော ရှမ်းပြည်အား ပဒေသရာဇ် အုပ်ချုပ်ရေးမှ ဧကရာဇ်အုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းရေးပင် ဖြစ်သည်။ သိနီ်္နစော်ဘွား စ၀်ဟုန်ဖကလည်း ၃၄ နယ် ရှိသော ရှမ်းဒေသတွင် အရွယ်အစားအမျိုး မျိုးကွဲပြားနေသဖြင့် နယ်ငယ်ကလေး များကို ပေါင်းပစ်ကာ နယ်ကြီး ၁၂နယ်အထိ ချုံ့၍ပူးပေါင်းရန်၊ ထို(၁၂)နယ်မှ စော်ဘွားများသည် အလှည့်ကျ အဓိပတိ ရွေးချယ်ပြီး အုပ်ချုပ်သွားရန် တင်ပြလာသည်။ ထိုသဟာယသမဂ္ဂမူ ကိုနယ်ငယ်များမှ မြို့စား၊ ငွေခွန် မှူးများက ကန့်ကွက်ကြပြန်သည်။ ဤတွင် တောင်ပိုင်းစော်ဘွား ခွန်ပန်းစိန်က နယ်ငယ်များဘက်မှလိုက်၍ ဆင်ခြေပေးပြီး ဤကိစ္စများအတွက် နယ်ရှင်အားလုံး အစည်းအဝေးတစ်ရပ် ခေါ်ယူရန်နှင့် ရှမ်း ပြည်တောင်ပိုင်း၊ မြောက်ပိုင်း ဗဟိုကျသော မိုင်းကိုင်မြို့တွင် စည်းဝေးကြရန် နယ်ရှင် များအားလုံးကို ဖိတ်ခေါ်ခဲ့လေသည်။

တောင်ပိုင်းစော်ဘွား၏ စာထွက်ပေါ် လာသောအခါ ရှမ်းပြည်တောင်ပိုင်းရှိ နယ်ရှင်များအားလုံးမှာ လှုပ်ရှား လာကြသည်။ ၁၉၄၅ ဒီဇင်ဘာတွင် မိုင်းပွန်စော်ဘွား စ၀်စံထွန်း၏ မဟာဒေ၀ီဈာပနကို ရှမ်းပြည်တောင်ပိုင်းမှ စော်ဘွားများ စုံညီစွာ တက်ရောက်ကြသည်။ ထိုစဉ် တောင်ပိုင်းစော်ဘွားပေးစာကို အထူးစိတ်ဝင်စားစွာ ဆွေး နွေးကြပြီး မိုင်းကိုင်မြို့တွင် အဆောတလျင် တွေ့ဆုံဆွေးနွေးရန် သဘောတူကြသည်။ ဤသို့ဖြင့် မိုင်းကိုင် ညီလာခံသည် ၁၉၄၆ ခုနှစ် ဇန်န၀ါရီ ၃၁ရက်တွင် ဖြစ်ပေါ်လာခဲ့သည်။"ဟု တွေ့ရပါတယ်။

ဒါ့ကြောင့် ပင်လုံအကြို မိုင်းကိုင်ညီလာခံလို့ဆိုခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment