Tuesday, May 17, 2016

"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်း တစေ့တစောင်း"

"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်း တစေ့တစောင်း"


ယခုတလော ဒုတိယပင်လုံညီလာခံဆိုတဲ့ စကားကို တော်တော်လေးတွင်ကျယ်စွာ ကြားနေရပါတယ်။ ဒီတော့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများတို့ လုပ်ခဲ့ကြတဲ့ပင်လုံညီလာခံကို ပြေးသတိရမိပါတယ်။ အဲ့ဒီပင်လုံအကြောင်း အကျဉ်းချုံး သိဖို့တော့ လိုလာပြီပေါ့နော်။

အဲ့ဒါကို မပြောမီ အဲ့ဒါရဲ့ ရှေးဦးသမိုင်းကို သိဖို့ လိုလာပါတယ်။ တကယ်တော့ အင်္ဂလိပ်မဝင်မီ ဟိုးရှေးပဒေသရာဇ်များကာလမှာ အားလုံးသော တိုင်းရင်းသားလူမျိုးအုပ်စုများဟာ သူတလူ ငါတမင်း ကိုယ့်အုပ်စုနဲ့ကိုယ် နေထိုင်-အုပ်ချုပ်ခဲ့ကြတာသာဖြစ်တယ်။ အဲ့ဒီထဲမှာမှ ပုဂံကို စထူခဲ့တဲ့ သမုဒ္ဒရာဇ်မင်းစတဲ့ ဗမာတွေက တစ်အုပ်စု တစ်နယ်ပယ် ယုန်လွှတ်ကျွန်း(၁၉)ရွာစသည်ဖြင့် ဗမာ့နယ် ဗမာနိုင်ငံ ပုဂံရယ်လို့ ထူထောင်နေထိုင်ခဲ့ကြတယ်။ တရုတ်ဘက်ကလာတဲ့ ရှမ်းတွေကလည်း နယ်အသီးသီးနဲ့ နေခဲ့ကြတယ်။ အစဦးကတော့ ရောပြွန်းသောပြွန်းနေခဲ့ကြတာလည်း ရှိခဲ့ပါတယ်။ ဗမာတွေနဲ့ အဦးအစ ခေတ်ပြိုင် ပျူ-သက်-ကမ်းယံလူမျိုးတွေဟာ နာမည်အရပဲလား-လူမျိုးစုနွယ်လုံးပဲ တကယ်ပျောက်ခဲ့သလား-အမည်ရွေ့လျော နေရာပဲပြောင်းသွားခဲ့ကြသလား နှောင်းပိုင်း ဗမာ့သမိုင်းမှာတော့ ပျောက်ကွယ်သွားခဲ့တာတော့ အမှန်ပါပဲ။ ပုဂံနောက် အင်းဝ-ဟံသာဝတီခေတ်ရောက်တော့ ပုဂံနဲ့ သထုံ (ဗမာ-မွန်) အားပြိုင်ကြသလို ဘုန်းလက်ရုံး အာဏာပြိုင်ရင်း နယ်ပယ်ချဲ့ထွင်ခဲ့ကြပါတယ်။ အမြွာမြွာ ရှိနေတဲ့ နယ်ပယ်တွေကို ဗမာက အားနိုင်လိုက်တော့ ပုဂံနိုင်ငံတော်ဆိုပြီး ကျယ်ပြန့်စွာ စုစည်းနိုင်ခဲ့တာသာ ဖြစ်တယ်။ အင်းဝစတာတွေကို ဟံသာဝတီဘုရင် ဘုရင့်နောင်က အင်အားသာလွန် နိုင်လိုက်တော့ ဟံသာဝတီနိုင်ငံတော်ကြီး ကျယ်ပြောစွာ စုစည်းတည်ရှိခဲ့တာဖြစ်တယ်။ တစ်ခါ ပြန်လည်ပြိုကွဲသွားတဲ့ နယ်ပယ်အသီးသီးကို ဟိုးအထက်အညာက ရွှေဘိုသူကြီး ဦးအောင်ဇေယျက သိမ်းပိုက်စုစည်းလိုက်နိုင်တော့ ဗမာနိုင်ငံတော်ရယ်လို့ ခေါ်ခဲ့ကြတာ။ ဗမာက အင်အားကြီးပြီး ဗမာက အုပ်တာကိုး။ ဒါကိုပဲ နှောင်းပိုင်း ပြည်ထောင်စုသမိုင်းပြဌာန်းဖို့ ပြုစုကြရတဲ့ သမိုင်းဆရာကြီးများဟာ ပထမ-ဒုတိယ-တတိယမြန်မာနိုင်ငံတော်ရယ်လို့ ခေါ်ခဲ့ကြတော့ ကျွန်တော်တို့တတွေ အားလုံးလိုပဲ ဒါကြီးကိုပဲ စိတ်မှာ အမြဲစွဲခဲ့ကြတော့ တစ်နိုင်ငံလုံးအနှံ့မှာ သမိုင်းတလျှောက်လုံး တိုင်းရင်းသားလူမျိုးနွယ်စု အုပ်စုတွေ တသီးတခြားစီ တလူတမင်း နေခဲ့ကြပါလာူဆိုတဲ့ အချက်ကို မသိစိတ်မှာ မေ့ကျန် ချန်လှပ်ထားခဲ့ကြသလို ဖြစ်နေတယ်။ ဒါဟာ အမှန်တရားပါနော်။ ပြည်ထောင်စုစိတ်ဓာတ် ငြိမ်းချမ်းရေးစိတ်ဓာတ်ဆိုတာဟာ တကယ်ကိုယ်တိုင်ကိုယ်နှိုက်က ရင်ထဲကနေ စွဲပြီး ခံစားတတ်မှ နားလည်လာမယ်။ တည်ဆောက်ယူလို့ရလိမ့်မယ်။ ဇာတ်လမ်းတစ်ခုကိုကြည့်တဲ့အခါ မင်းသားမင်းသမီးနေရာကနေ ကိုယ်ကိုယ်တိုင် အစားထိုးဝင်ခံစား အောင်မြင်စေလိုတဲ့ စိတ်မျိုးတွေ ရသခံစားချက်မျိုးတွေ တိုင်းရင်းသားပြည်သူအားလုံး များများခံစားတတ်လာမှဖြစ်မယ်။ ဒီစိတ်ဓာတ်တွေ ဖွံ့ဖြိုးဖို့လိုပါတယ်။

သမိုင်းကြောင်းကို ပြန်ဆက်ကြရအောင်ပါ…

အမှန်တော့ ပဒေသရာဇ်ခေတ် မင်းတုန်းမင်းတို့ ကုန်းဘောင်နှောင်းပိုင်းရော ရှေ့ပိုင်းရော ကုန်းဘောင်ခေတ်အကြို သမိုင်းကာလတလျှောက်လုံးမှာ တိုင်းရင်းသားလူမျိုးစုနွယ်တွေကို သူ့လူမျိုးနဲ့ သူ့စော်ဘွားနဲ့-သူ့လူမျိုးနဲ့ သူ့ဒူးဝါးနဲ့ … စသည်ဖြင့် သူ့ခေါင်းဆောင်နဲ့ သူ့အုပ်ချုပ်ရေးနဲ့ ထားခဲ့တာသာဖြစ်တယ်။ သေချာ နက်နက်နဲနဲ စဉ်းစားကြည့်တတ်ဖို့ လိုပါတယ်။

ဗမာအားကြီးတဲ့အခါ ဗမာဘုရင့် အာဏာစက်နယ်ပယ် နိုင်ငံတော်လို့ ခေါ်ပြီး ဖြန့်ချင်ဖြန့်ခဲ့မယ်။ မွန်တွေ အင်အားကြီးတဲ့အခါ မွန်ဘုရင့်အာဏာစက်နိုင်ငံတော် ဖြစ်ချင်ဖြစ်ခဲ့မယ်။ အဲ့ဒီကတည်းက ဗမာတိုင်းရင်းသားပဲဖြစ်ဖြစ် မွန်-ကရင်-ကချင်-ရှမ်းတိုင်းရင်းသားလူမျိုးစုပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်အုပ်ချုပ်ရေး မြို့စား-နယ်စား-ရွာသူကြီး-စော်ဘွား-စော်ကဲ-ဒူးဝါး-တောင်အုပ်-စောဖျာစတဲ့ သူ့လူကြီးနဲ့သူဆိုသလို နေခဲ့ကြတာကို သမိုင်းမှာ ပြန်ကြည့်ပါ။ နိုင်ငံတော်ကြီး ပြည်ထောင်စုကြီးအဖြစ် စုစည်းနိုင်ခဲ့ရင်ပဲဖြစ်ဖြစ်-မစုစည်းနိုင်ခဲ့ချိန်ပဲဖြစ်ဖြစ် သမိုင်းမှာ သေချာလက်တွေ့ ပြန်လေ့လာကြည့်…ကြည့်ပါ- သူ့ကိုယ်ပိုင် အကြီးအမှူးခေါင်းဆောင်-သူ့နယ်ပယ် ပြည်ထောင်လေးတွေရယ်လို့ ရှိခဲ့-နေခဲ့-အုပ်စိုးခဲ့ကြတာ အမှန်ပါပဲ။

ဒီလို ပြည်ထောင်လေးတွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အတူတကွ ပေါင်းစည်းလိုတဲ့ ညီညွတ်ရေး "ပြည်ထောင်-စု"စိတ်ဓာတ်ကို သမိုင်းမှာ ရှားရှားပါးပါး ကျန်စစ်သားမင်းလက်ထက်မှာနဲ့ ဘုရင့်နောင်လက်ထက်တို့မှာ အထူးတွေ့ခဲ့ရပြီး ကျန်တဲ့အချိန် အတော်များများလိုမှာတော့ ကိုယ့်ထက်သာလို့ ငြိမ်နေခဲ့ကြရပြီး ညီညွတ်ရေးအင်အား ပျက်ပြယ်ခဲ့တာများပါတယ်။ သမိုင်းတစ်ခေတ်မှာ တစ်ယောက်ဆိုသလို ရှားရှားပါးပါး ပေါ်ထွက်လာတတ်ကြတဲ့ ကျန်စစ်ဘုရင်-ဘုရင့်နောင်-ဗိုလ်ချုပ်အောင်ဆန်းတို့လို ခေါင်းဆောင်ကောင်းတွေဟာ ကိုယ်တိုင်လည်း အတွင်းဓာတ်ခံအား ကိုယ်ကျင့်စာရိတ္တကောင်းမွန်ပြီး တစ်ပါးသူအပေါ်ကိုယ်ချင်းစာနာ ထောက်ထားတတ်ခြင်း ရိုးသားခြင်းဂုဏ်သိက္ခာ အရည်အချင်းပုဒ်တွေကြောင့်သာ တိုင်းရင်းသားလူမျိုးနွယ်စုတွေရဲ့ ကိုယ်ပိုင်ခေါင်းဆောင်တွေ အများရဲ့ ယုံကြည်မှုကို ရခဲ့ကြလို့ ပြည်ထောင်စုနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ထူထောင်နိုင်ခဲ့ကြတယ်။ ဒီလို ဗိုလ်ချုပ်ရဲ့ စွမ်းဆောင်မှုနဲ့ ဂုဏ်ပုဒ်တွေ အရည်အချင်းတွေကို အခု ဆက်ပြောမယ့် ၁၉၄၇ ပင်လုံညီလာခံသမိုင်းမှာ ပေါ်လွင်လာစေမှာ ဖြစ်ပါတယ်။




(ဆက်လက်စောင့်မျှော် ဖတ်ရှုပါရန်>>)

No comments:

Post a Comment