Tuesday, May 17, 2016

"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်းတစေ့တစောင်း"

(ယခင်စာ"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်းတစေ့တစောင်း"မှအဆက်>>)


၁၈၈၅ နိုဝင်ဘာမှာ အင်္ဂလိပ်က မြန်မာပြည်ကို အပြီးသိမ်းလိုက်ပါတယ်။ ဒီချိန်မှာ သီပေါဘုရင်လက်ထက် ဗမာပြည်နဲ့ ကူးလူးဆက်ဆံမှု များခဲ့တဲ့ ရှမ်းစော်ဘွားတွေကစပြီး အတူနေခဲ့ကြတဲ့ သွေးချင်းဘုရင်ဆိုတဲ့ ညီညွတ်ရေး ပြည်ထောင်စုစိတ်ဓာတ် ဓာတ်ခံနဲ့ အင်္ဂလိပ်ကို တော်လှန်ကြပါတယ်။ နောက်ပိုင်း ချင်း-ကချင်-မွန်-ရခိုင် စတာတွေပါ တော်လှန်ကုန်ကြတယ်။ ဒါပေမယ့် တပ်ပေါင်းစုအဖြစ် မစုစည်းမိဘဲ ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ အင်္ဂလိပ်စစ်တပ်ရဲ့ ချေမှုန်းမှုဟာ ခဏတာမျှ ရပ်တန့်နားနေသွားခဲ့တယ်။ တိုင်းရင်းသားတွေဟာ ကိုယ့်ပြည်ထောင် ကိုယ့်နယ်ပယ်နဲ့ တသီးတသန့်နေခဲ့ကြသော်လည်း ပြည်ထောင်စုစိတ်ဓာတ်ရှိလို့သာ အရေးကြုံတဲ့အခါ သွေးစည်းလာခဲ့ကြတာဖြစ်တယ်။ ပြည်ထောင်စုစိတ်ဓာတ်ဟာ အဲ့ဒါပါပဲ…။ အရေးကြုံလာရင် သွေးစည်းဖို့ပါပဲ။

အင်္ဂလိပ်ဟာ မြန်မာပြည်ထောင်စုနိုင်ငံအဝန်းကို သိမ်းလုံးအုပ်ချုပ်လိုက်ပေမယ့် အစပထမ ပြည်နယ်တစ်ခုအဖြစ်တောင် သဘောမထားခဲ့ကြပါဘူး။ အိန္ဒိယလို နယ်အကြီးကြီးကိုမှ ပြည်နယ်သတ်မှတ်ပြီး မြန်မာပြည်ထောင်စုကိုတော့ ပြည်နယ်လို့တောင် မသတ်မှတ်ခဲ့ဘဲ အိန္ဒိယနယ်အောက် သွတ်သွင်းထားခဲ့တာဖြစ်တယ်။ ၁၉၀၀ ပြည့်နှစ်ကျော် ကာလများမှာ မြန်မာလူငယ်တွေဟာ မျက်စိပွင့်-နားပွင့်လာကြပြီး ဟုမ္မရူးလ်(Home Rule) (ခ) အိန္ဒိယကနေ ခွဲထွက်ပြီး တသီးတခြား ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တောင်းဆိုလာကြပါတယ်။ ဝိုင်အမ်စီအေ-ဝိုင်အမ်ဘီအေတို့လို လူငယ်ဘာသာရေးအသင်းအဖွဲ့တွေကနေ ဂျီစီဘီအေ အဖွဲ့တွေပေါ်ပေါက်လာပြီး နိုင်ငံရေးနိုးကြားတက်ကြွလာကြတယ်။ အဲ့ဒီလူငယ်တွေ-တက်ကြွလှုပ်ရှားမှုခေါင်းဆောင်တွေထဲမှာ တိုင်းရင်းသားတွေ ပါတယ်။ "အရေးကြီးရင် သွေးနီးတယ်"ဆိုတာဟာ ပြည်ထောင်စုစိတ်ဓာတ် မိသားစုစိတ်ဓာတ်ကို ရည်ညွှန်းတာဖြစ်တယ်။

၁၉၂၀ မှာ ပထမ ကျောင်းသားသပိတ်ဖြစ်တယ်။ ဝံသာနုအသင်းက ဦးဆောင်ပြီး အခွန်မပေးရေး ဆန့်ကျင်လှုပ်ရှားမှုတွေ ပေါ်တယ်။ အများကြီးပဲ…။ အရှိန်ကောင်းလာတယ်။

၁၉၃၀မှာ ဆရာစံအရေးတော်ပုံဖြစ်တယ်။ အဲ့ဒီနှစ်မှာပဲ တို့ဗမာအစည်းအရုံးပေါ်ပေါက်လာပြီး သခင်လူငယ်တွေ များစွာထွက်ပေါ်လာတယ်။ ၁၉၃၆ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုနုနဲ့ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရတဲ့အတွက် ဒုတိယကျောင်းသားသပိတ်ဖြစ်လာတယ်။

၁၉၃၇ မှာ ဗြိတိသျှတို့ဟာ ဗမာပြည်အဖြစ် အိန္ဒိယကနေ ခွဲထုတ်ပေးလိုက်တယ်။ ၁၉၃၈ ရေနံမြေသပိတ်မှာ ဗိုလ်အောင်ကျော် ကျဆုံးတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားတဲ့ ၁၉၄၂ မှာပဲ မြန်မာပြည်ကို ဂျပန်ဝင်လာတယ်။ ၁၉၄၅ မှာ အင်္ဂလိပ်နဲ့ မဟာမိတ်တပ်များကို ဂျပန်ကို အပြီးတိုက်ထုတ်ပြီးဖြစ်တယ်။ ဂျပန်ဝင်လာခါစမှာရော ဂျပန်ကို ပြန်တိုက်ထုတ်တဲ့နေရာမှာရော အဓိကစွမ်းဆောင်ခဲ့တာကတော့ ရဲဘော်သုံးကျိပ်နဲ့ဖွဲ့စည်းခဲ့တဲ့ ဗမာ့တပ်မတော်ရဲ့ဦးဆောင်မှုနောက်မှာ ကချင်-ကယား-ကရင်-ချင်း-မွန်-ဗမာ-ရခိုင်-ရှမ်းအစရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံး ထူးထူးကဲကဲ မကြုံဖူးတဲ့ ညီညွတ်မှုမျိုးနဲ့ ဘုံရန်သူတွေအားလုံးကို မြန်မာ့မြေပေါ်ကနေ နှင်ထုတ် တိုက်ထုတ်နိုင်ခဲ့တာဖြစ်တယ်။ ခိုင်မာပေါင်းစည်းမိတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကြီးဟာ အဲ့ဒီနယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေးတွေမှာ ရုန်းကြွနိုးထလာခဲ့တာဖြစ်တယ်။

အာရှစစ်မျက်နှာပြင်မှာ စစ်ဦးဘီလူးဂျပန်တပ်မဟာကြီးရဲ့ တပ်သားအကျအဆုံး အများဆုံးဖြစ်စေခဲ့တဲ့ မြန်မာပြည်ထောင်စုသား တိုင်းရင်းသားပြည်သူတွေရဲ့ ညီညွတ်ရေးစွမ်းပကားကို အံ့မခန်း နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရတဲ့ အင်္ဂလိပ်ဟာ သူတို့ပြန်ဝင်လာတဲ့ ၁၉၄၅ မှာပဲ တောင်ပေါ်ရယ်-မြေပြန့်ရယ်ဆိုပြီး သွေးခွဲအုပ်ချုပ်ဖို့ ကြံစည်တော့တာပဲ။

● ပင်လုံ အကြို - မိုင်းကိုင်ညီလာခံ

**************************

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ မေ(၁၇)တွင် ဗြိတိသျှအစိုးရ၏ စက္ကူဖြူစာတမ်းအရ တောင်တန်းဒေသများအတွက် ၁၉၄၆ ခုနှစ် နယ်ခြားဒေသများဆိုင်ရာ စည်းမျဉ်းဥပဒေဖြင့် သွေးခွဲအုပ်ချုပ်ရန် ကြံစည်ခဲ့သည်။ တောင်တန်းဒေသများမှ ရှမ်းစော်ဘွားများ၊ ကချင်ဒူးဝါးများ၊ ကရင်စော်ကဲများ၊ ချင်းတောင်အုပ်များ၊ ကရင်နီ (ကယား)စောဖျာများစသည်ကို နယ်ခြားဒေသ များဟု ပူးပေါင်းကာ ဘုရင်ခံ၏ ကြိုးကိုင်မှုအောက်တွင် ထားရှိနိုင်ရေး ရည်ရွယ်ခဲ့ကြသည်။

ရှမ်းစော်ဘွားများ ယင်းကာလအတွင်း နယ်ပယ်စုစည်းကြပုံကို သမိုင်းသုတေသီ ဒေါက်တာမြင့်သိန်းရေးသားသော သံတော်ဆင့်သတင်းစာ-အတွဲ(၁) အမှတ်(၄၈)ပါ ဆောင်းပါးတွင် အောက်ပါအတိုင်းဖတ်ရှုနိုင်သည်။

"ရှမ်းစော်ဘွားများကလည်း ဒုတိယ ကမ္ဘာစစ်အပြီးတွင် မိမိတို့၏ပဒေသရာဇ်စနစ်ကို အသွင်ပြောင်းရန်စီစဉ်လာ သည်။ ပထမဦးစွာ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အရေး ပိုင်မှတစ်ဆင့် နယ်စပ်ဒေသများဆိုင်ရာ ညွှန်ကြားရေးဝန် မစ္စတာပိယော့စ်ထံသို့ ရှမ်းပြည်အနာဂတ်အတွက် အကြံပေးစီမံ ကိန်းတစ်ခုကို တင်သွင်းလိုက်သည်။ ထိုစီမံကိန်းမှာ သူတစ်နယ် ငါတစ်မင်းအုပ်ချုပ်နေသော ရှမ်းပြည်အား ပဒေသရာဇ် အုပ်ချုပ်ရေးမှ ဧကရာဇ်အုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းရေးပင် ဖြစ်သည်။ သိနီ်္နစော်ဘွား စ၀်ဟုန်ဖကလည်း ၃၄ နယ် ရှိသော ရှမ်းဒေသတွင် အရွယ်အစားအမျိုး မျိုးကွဲပြားနေသဖြင့် နယ်ငယ်ကလေး များကို ပေါင်းပစ်ကာ နယ်ကြီး ၁၂နယ်အထိ ချုံ့၍ပူးပေါင်းရန်၊ ထို(၁၂)နယ်မှ စော်ဘွားများသည် အလှည့်ကျ အဓိပတိ ရွေးချယ်ပြီး အုပ်ချုပ်သွားရန် တင်ပြလာသည်။ ထိုသဟာယသမဂ္ဂမူ ကိုနယ်ငယ်များမှ မြို့စား၊ ငွေခွန် မှူးများက ကန့်ကွက်ကြပြန်သည်။ ဤတွင် တောင်ပိုင်းစော်ဘွား ခွန်ပန်းစိန်က နယ်ငယ်များဘက်မှလိုက်၍ ဆင်ခြေပေးပြီး ဤကိစ္စများအတွက် နယ်ရှင်အားလုံး အစည်းအဝေးတစ်ရပ် ခေါ်ယူရန်နှင့် ရှမ်း ပြည်တောင်ပိုင်း၊ မြောက်ပိုင်း ဗဟိုကျသော မိုင်းကိုင်မြို့တွင် စည်းဝေးကြရန် နယ်ရှင် များအားလုံးကို ဖိတ်ခေါ်ခဲ့လေသည်။

တောင်ပိုင်းစော်ဘွား၏ စာထွက်ပေါ် လာသောအခါ ရှမ်းပြည်တောင်ပိုင်းရှိ နယ်ရှင်များအားလုံးမှာ လှုပ်ရှား လာကြသည်။ ၁၉၄၅ ဒီဇင်ဘာတွင် မိုင်းပွန်စော်ဘွား စ၀်စံထွန်း၏ မဟာဒေ၀ီဈာပနကို ရှမ်းပြည်တောင်ပိုင်းမှ စော်ဘွားများ စုံညီစွာ တက်ရောက်ကြသည်။ ထိုစဉ် တောင်ပိုင်းစော်ဘွားပေးစာကို အထူးစိတ်ဝင်စားစွာ ဆွေး နွေးကြပြီး မိုင်းကိုင်မြို့တွင် အဆောတလျင် တွေ့ဆုံဆွေးနွေးရန် သဘောတူကြသည်။ ဤသို့ဖြင့် မိုင်းကိုင် ညီလာခံသည် ၁၉၄၆ ခုနှစ် ဇန်န၀ါရီ ၃၁ရက်တွင် ဖြစ်ပေါ်လာခဲ့သည်။"ဟု တွေ့ရပါတယ်။

ဒါ့ကြောင့် ပင်လုံအကြို မိုင်းကိုင်ညီလာခံလို့ဆိုခြင်း ဖြစ်ပါတယ်။

"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်း တစေ့တစောင်း"

"ပြည်ထောင်စုစိတ်ဓာတ်-ပင်လုံစိတ်ဓာတ်အကြောင်း တစေ့တစောင်း"


ယခုတလော ဒုတိယပင်လုံညီလာခံဆိုတဲ့ စကားကို တော်တော်လေးတွင်ကျယ်စွာ ကြားနေရပါတယ်။ ဒီတော့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများတို့ လုပ်ခဲ့ကြတဲ့ပင်လုံညီလာခံကို ပြေးသတိရမိပါတယ်။ အဲ့ဒီပင်လုံအကြောင်း အကျဉ်းချုံး သိဖို့တော့ လိုလာပြီပေါ့နော်။

အဲ့ဒါကို မပြောမီ အဲ့ဒါရဲ့ ရှေးဦးသမိုင်းကို သိဖို့ လိုလာပါတယ်။ တကယ်တော့ အင်္ဂလိပ်မဝင်မီ ဟိုးရှေးပဒေသရာဇ်များကာလမှာ အားလုံးသော တိုင်းရင်းသားလူမျိုးအုပ်စုများဟာ သူတလူ ငါတမင်း ကိုယ့်အုပ်စုနဲ့ကိုယ် နေထိုင်-အုပ်ချုပ်ခဲ့ကြတာသာဖြစ်တယ်။ အဲ့ဒီထဲမှာမှ ပုဂံကို စထူခဲ့တဲ့ သမုဒ္ဒရာဇ်မင်းစတဲ့ ဗမာတွေက တစ်အုပ်စု တစ်နယ်ပယ် ယုန်လွှတ်ကျွန်း(၁၉)ရွာစသည်ဖြင့် ဗမာ့နယ် ဗမာနိုင်ငံ ပုဂံရယ်လို့ ထူထောင်နေထိုင်ခဲ့ကြတယ်။ တရုတ်ဘက်ကလာတဲ့ ရှမ်းတွေကလည်း နယ်အသီးသီးနဲ့ နေခဲ့ကြတယ်။ အစဦးကတော့ ရောပြွန်းသောပြွန်းနေခဲ့ကြတာလည်း ရှိခဲ့ပါတယ်။ ဗမာတွေနဲ့ အဦးအစ ခေတ်ပြိုင် ပျူ-သက်-ကမ်းယံလူမျိုးတွေဟာ နာမည်အရပဲလား-လူမျိုးစုနွယ်လုံးပဲ တကယ်ပျောက်ခဲ့သလား-အမည်ရွေ့လျော နေရာပဲပြောင်းသွားခဲ့ကြသလား နှောင်းပိုင်း ဗမာ့သမိုင်းမှာတော့ ပျောက်ကွယ်သွားခဲ့တာတော့ အမှန်ပါပဲ။ ပုဂံနောက် အင်းဝ-ဟံသာဝတီခေတ်ရောက်တော့ ပုဂံနဲ့ သထုံ (ဗမာ-မွန်) အားပြိုင်ကြသလို ဘုန်းလက်ရုံး အာဏာပြိုင်ရင်း နယ်ပယ်ချဲ့ထွင်ခဲ့ကြပါတယ်။ အမြွာမြွာ ရှိနေတဲ့ နယ်ပယ်တွေကို ဗမာက အားနိုင်လိုက်တော့ ပုဂံနိုင်ငံတော်ဆိုပြီး ကျယ်ပြန့်စွာ စုစည်းနိုင်ခဲ့တာသာ ဖြစ်တယ်။ အင်းဝစတာတွေကို ဟံသာဝတီဘုရင် ဘုရင့်နောင်က အင်အားသာလွန် နိုင်လိုက်တော့ ဟံသာဝတီနိုင်ငံတော်ကြီး ကျယ်ပြောစွာ စုစည်းတည်ရှိခဲ့တာဖြစ်တယ်။ တစ်ခါ ပြန်လည်ပြိုကွဲသွားတဲ့ နယ်ပယ်အသီးသီးကို ဟိုးအထက်အညာက ရွှေဘိုသူကြီး ဦးအောင်ဇေယျက သိမ်းပိုက်စုစည်းလိုက်နိုင်တော့ ဗမာနိုင်ငံတော်ရယ်လို့ ခေါ်ခဲ့ကြတာ။ ဗမာက အင်အားကြီးပြီး ဗမာက အုပ်တာကိုး။ ဒါကိုပဲ နှောင်းပိုင်း ပြည်ထောင်စုသမိုင်းပြဌာန်းဖို့ ပြုစုကြရတဲ့ သမိုင်းဆရာကြီးများဟာ ပထမ-ဒုတိယ-တတိယမြန်မာနိုင်ငံတော်ရယ်လို့ ခေါ်ခဲ့ကြတော့ ကျွန်တော်တို့တတွေ အားလုံးလိုပဲ ဒါကြီးကိုပဲ စိတ်မှာ အမြဲစွဲခဲ့ကြတော့ တစ်နိုင်ငံလုံးအနှံ့မှာ သမိုင်းတလျှောက်လုံး တိုင်းရင်းသားလူမျိုးနွယ်စု အုပ်စုတွေ တသီးတခြားစီ တလူတမင်း နေခဲ့ကြပါလာူဆိုတဲ့ အချက်ကို မသိစိတ်မှာ မေ့ကျန် ချန်လှပ်ထားခဲ့ကြသလို ဖြစ်နေတယ်။ ဒါဟာ အမှန်တရားပါနော်။ ပြည်ထောင်စုစိတ်ဓာတ် ငြိမ်းချမ်းရေးစိတ်ဓာတ်ဆိုတာဟာ တကယ်ကိုယ်တိုင်ကိုယ်နှိုက်က ရင်ထဲကနေ စွဲပြီး ခံစားတတ်မှ နားလည်လာမယ်။ တည်ဆောက်ယူလို့ရလိမ့်မယ်။ ဇာတ်လမ်းတစ်ခုကိုကြည့်တဲ့အခါ မင်းသားမင်းသမီးနေရာကနေ ကိုယ်ကိုယ်တိုင် အစားထိုးဝင်ခံစား အောင်မြင်စေလိုတဲ့ စိတ်မျိုးတွေ ရသခံစားချက်မျိုးတွေ တိုင်းရင်းသားပြည်သူအားလုံး များများခံစားတတ်လာမှဖြစ်မယ်။ ဒီစိတ်ဓာတ်တွေ ဖွံ့ဖြိုးဖို့လိုပါတယ်။

သမိုင်းကြောင်းကို ပြန်ဆက်ကြရအောင်ပါ…

အမှန်တော့ ပဒေသရာဇ်ခေတ် မင်းတုန်းမင်းတို့ ကုန်းဘောင်နှောင်းပိုင်းရော ရှေ့ပိုင်းရော ကုန်းဘောင်ခေတ်အကြို သမိုင်းကာလတလျှောက်လုံးမှာ တိုင်းရင်းသားလူမျိုးစုနွယ်တွေကို သူ့လူမျိုးနဲ့ သူ့စော်ဘွားနဲ့-သူ့လူမျိုးနဲ့ သူ့ဒူးဝါးနဲ့ … စသည်ဖြင့် သူ့ခေါင်းဆောင်နဲ့ သူ့အုပ်ချုပ်ရေးနဲ့ ထားခဲ့တာသာဖြစ်တယ်။ သေချာ နက်နက်နဲနဲ စဉ်းစားကြည့်တတ်ဖို့ လိုပါတယ်။

ဗမာအားကြီးတဲ့အခါ ဗမာဘုရင့် အာဏာစက်နယ်ပယ် နိုင်ငံတော်လို့ ခေါ်ပြီး ဖြန့်ချင်ဖြန့်ခဲ့မယ်။ မွန်တွေ အင်အားကြီးတဲ့အခါ မွန်ဘုရင့်အာဏာစက်နိုင်ငံတော် ဖြစ်ချင်ဖြစ်ခဲ့မယ်။ အဲ့ဒီကတည်းက ဗမာတိုင်းရင်းသားပဲဖြစ်ဖြစ် မွန်-ကရင်-ကချင်-ရှမ်းတိုင်းရင်းသားလူမျိုးစုပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်အုပ်ချုပ်ရေး မြို့စား-နယ်စား-ရွာသူကြီး-စော်ဘွား-စော်ကဲ-ဒူးဝါး-တောင်အုပ်-စောဖျာစတဲ့ သူ့လူကြီးနဲ့သူဆိုသလို နေခဲ့ကြတာကို သမိုင်းမှာ ပြန်ကြည့်ပါ။ နိုင်ငံတော်ကြီး ပြည်ထောင်စုကြီးအဖြစ် စုစည်းနိုင်ခဲ့ရင်ပဲဖြစ်ဖြစ်-မစုစည်းနိုင်ခဲ့ချိန်ပဲဖြစ်ဖြစ် သမိုင်းမှာ သေချာလက်တွေ့ ပြန်လေ့လာကြည့်…ကြည့်ပါ- သူ့ကိုယ်ပိုင် အကြီးအမှူးခေါင်းဆောင်-သူ့နယ်ပယ် ပြည်ထောင်လေးတွေရယ်လို့ ရှိခဲ့-နေခဲ့-အုပ်စိုးခဲ့ကြတာ အမှန်ပါပဲ။

ဒီလို ပြည်ထောင်လေးတွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အတူတကွ ပေါင်းစည်းလိုတဲ့ ညီညွတ်ရေး "ပြည်ထောင်-စု"စိတ်ဓာတ်ကို သမိုင်းမှာ ရှားရှားပါးပါး ကျန်စစ်သားမင်းလက်ထက်မှာနဲ့ ဘုရင့်နောင်လက်ထက်တို့မှာ အထူးတွေ့ခဲ့ရပြီး ကျန်တဲ့အချိန် အတော်များများလိုမှာတော့ ကိုယ့်ထက်သာလို့ ငြိမ်နေခဲ့ကြရပြီး ညီညွတ်ရေးအင်အား ပျက်ပြယ်ခဲ့တာများပါတယ်။ သမိုင်းတစ်ခေတ်မှာ တစ်ယောက်ဆိုသလို ရှားရှားပါးပါး ပေါ်ထွက်လာတတ်ကြတဲ့ ကျန်စစ်ဘုရင်-ဘုရင့်နောင်-ဗိုလ်ချုပ်အောင်ဆန်းတို့လို ခေါင်းဆောင်ကောင်းတွေဟာ ကိုယ်တိုင်လည်း အတွင်းဓာတ်ခံအား ကိုယ်ကျင့်စာရိတ္တကောင်းမွန်ပြီး တစ်ပါးသူအပေါ်ကိုယ်ချင်းစာနာ ထောက်ထားတတ်ခြင်း ရိုးသားခြင်းဂုဏ်သိက္ခာ အရည်အချင်းပုဒ်တွေကြောင့်သာ တိုင်းရင်းသားလူမျိုးနွယ်စုတွေရဲ့ ကိုယ်ပိုင်ခေါင်းဆောင်တွေ အများရဲ့ ယုံကြည်မှုကို ရခဲ့ကြလို့ ပြည်ထောင်စုနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ထူထောင်နိုင်ခဲ့ကြတယ်။ ဒီလို ဗိုလ်ချုပ်ရဲ့ စွမ်းဆောင်မှုနဲ့ ဂုဏ်ပုဒ်တွေ အရည်အချင်းတွေကို အခု ဆက်ပြောမယ့် ၁၉၄၇ ပင်လုံညီလာခံသမိုင်းမှာ ပေါ်လွင်လာစေမှာ ဖြစ်ပါတယ်။




(ဆက်လက်စောင့်မျှော် ဖတ်ရှုပါရန်>>)

Sunday, December 13, 2015

လူ့အခွင့်အရေးနေ့အကြောင်း တစေ့တစောင်း သိကောင်းစရာ

လူ့အခွင့်အရေးနေ့ ကို နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့သို့ရောက်တိုင်း ကမ္ဘာတ၀န်းလုံးတွင် ကျင်းပကြသည်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂအထွေထွေညီလာခံတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(ယူဒီဟိုက်ခ်ျအာ)ကို အတည်ပြုကြေညာနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းသည် ကမ္ဘာ့ပထမဦးဆုံး ထုတ်ဖော်ကြေညာချက်ပင်ဖြစ်ပြီး၊ အသစ်စက်စက်ဖွဲ့စည်းလိုက်သော ကုလသမဂအတွက် ပထမဆုံးအဓိကအောင်မြင်မှုများထဲမှ တစ်ခုအပါအ၀င်လည်းဖြစ်သည်။ လူ့အခွင့်အရေးနေ့ပေါ်ပေါက်လာပုံမှာ ၁၉၅၀၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသော ကုလသမဂအထွေထွေညီလာခံ၊ ၃၁၇ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင်ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ချက် ၄၂၃(င) ကို ကြေညာလျက် သက်ဆိုင်ရာကုလအဖွဲ့အစည်းဝင် နိုင်ငံများအားလုံးနှင့် အခြားစိတ်ဝင်စားသော မည်သည့်အဖွဲ့အစည်းများမဆို ကျင်းပနိုင်စေရန် ပန်ကြားခဲ့သည်။

ဤနေ့ကို အဆင့်မြင့်နိုင်ငံရေးညီလာခံများနှင့် အစည်းအဝေးများကသာမက လူ့အခွင့်အရေးဆိုင်ရာ ယဉ်ကျေးမှုပွဲတော်များနှင့် ပြပွဲများကပါ အမှတ်အသားပြုကြသည်။ ထို့ပြင် အစဉ်အလာတစ်ခုအနေဖြင့်လည်း နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့တိုင်း နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ကုလ ငါးနှစ်တစ်ကြိမ် လူ့အခွင့်အရေးလှုပ်ရှားမှုဆုကို ချီးမြှင့်ကြသည်။ အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများကလည်း အထိမ်းအမှတ်အထူးပွဲတော်များ နှစ်စဉ် သတ်သတ်မှတ်မှတ် ကျင်းပလေ့ရှိကြသည်။ ထို့အတူ အရပ်ဘက်နှင့် လူမှုအခြေပြုအဖွဲ့အစည်းများကပါ လူ့အခွင့်အရေးနေ့ကို ကျင်းပပြုလုပ်ကြလေသည်။


သမိုင်းကြောင်း
လူ့အခွင့်အရေးနေ့သည် ၁၉၄၈ ခုနှစ် ကုလသမဂ အထွေထွေညီလာခံကြီးက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုကြေညာခဲ့သောနေ့ကို အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသည့် နေ့ထူးတစ်ရက်ဖြစ်သည်။

လူ့အခွင့်အရေးနေ့ စတင်သနေတည်ပုံမှာ ၁၉၅၀ ခုနှစ် အထွေထွေညီလာခံကြီးအပြီး ဆိုင်ရာဆိုင်ရာ နိုင်ငံများနှင့် အဖွဲ့အစည်းများက လူ့အခွင့်အရေးနေ့ကျင်းပကြရန် ဆုံးဖြတ်ချက် ၄၂၃(င)ကို ထုတ်ပြန်ကြေညာပြီးနောက် စတင်ခဲ့သည်။ လူ့အခွင့်အရေးနေ့နှင့်ပတ်သက်ပြီး လူထုစိတ်ဝင်စားမှုကို ၁၉၅၂ ခုနှစ်တွင် ကုလစာတိုက်အုပ်ချုပ်ရေးဌာနက ထုတ်ဝေသော လူ့အခွင့်အရေးနေ့အထိမ်းအမှတ်တံဆိပ်ခေါင်းများ အမှာလက်ခံရရှိမှုပမာဏကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ ထိုနှစ်မှာပင် ခန့်မှန်းခြေအားဖြင့် စာပို့တံဆိပ်ခေါင်းအထူးအော်ဒါမှာယူမှုပေါင်း ၂၀၀၀၀၀ (နှစ်သိန်း)ခန့်ရှိလေသည်။
အထွေထွေညီလာခံက ကြေညာစာတမ်းကို ကြေညာစဉ်က ထောက်ခံမဲ ၄၈ မဲ(၄၈ နိုင်ငံ)နှင့် ကြားနေမဲ ၈ နိုင်ငံရှိခဲ့သည်။ ၄င်းကြေညာစာတမ်းသည် "အနောက်တိုင်းဆန်သည်"ဟု သုံးသပ်ကောက်ချက်ချသည့် နိုင်ငံများစွာလည်း ရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤသို့ စာတမ်းကြေညာနိုင်ခဲ့မှုအပေါ် "လူသားအားလုံးနှင့် နိုင်ငံအားလုံး၏ ဘုံအောင်မြင်မှုစံနှုန်းကြီး"တစ်ခုဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ၄င်းသည် ကမ္ဘာ့လူသားတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများသို့ "လူ့အခွင့်အရေးများကို လူသားအားလုံးသိရှိလျက် အကျိုးဖြစ်ထွန်းသော တစ်ဦးချင်းစီသိရှိမှုမှသည် နိုင်ငံအဆင့်၊ နိုင်ငံအဆင့်မှသည် နိုင်ငံတကာအထိအောင်ပါ တိုးတက်သော လူ့အခွင့်အရေးစံနှုန်းများ ထွန်းကားစေရေး"ကို ဦးတည်ကြောင်း ကိမ်းဘရေ့ခ်ျတက္ကသိုလ်ပုံနှိပ်တိုက်က ထုတ်ဝေသော ကိုဟန်ဂျီ ဒန်နီရယ်ရေးသားသည့် "အလုပ်ခွင်မှ လူ့အခွင့်အရေးတော်လှန်မှု- ဥရောပစစ်အေးခေတ်က အလုပ်ဖြုတ်မှု၊ နေရာရွှေ့ပြောင်းမှုများ"စာအုပ်တွင် ရေးသားထားသည်။
ကြေညာစာတမ်းတွင် နိုင်ငံရေးအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူမှုရေး-ယဉ်ကျေးမှုရေးရာနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေး ကဏ္ဍများအားလုံးကို ခြုံငုံဖော်ပြထားပြီး၊ တရားဝင် ၀န်ခံကတိပြုမှုစာချုပ်ပုံစံမျိုးမဟုတ်လင့်ကစား အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံနှုန်းသတ်မှတ်ချက်တစ်ခုကို ဖွဲ့စပ်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ အချက်(၆၀)ကျော်ကို ပြဆိုတိုက်တွန်းထားသည်။ ယနေ့ခေတ်တွင် ကုလအဖွဲ့ဝင် နိုင်ငံများအားလုံးသည် ကြေညာစာတမ်းတွင် ကြေညာတိုက်တွန်းထားသော အခြေခံလူ့အခွင့်အရေးများကို ပိုမိုခိုင်မာအားသန်လာစေရေးနှင့် လူအများ၏ နေ့စဉ်လူမှုဘ၀တွင် သက်ရောက်မှုရှိနေစေရန် အလေးအနက်ထားဆောင်ရွက်ကြရသည်။
ကုလသမဂ၏ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် လူ့အခွင့်အရေးမဟာမင်းကြီးနှင့် ၄င်း၏ဌာနသည် နှစ်စဉ် လူ့အခွင့်အရေးနေ့ ကျင်းပမှုနှင့်ပတ်သက်ပြီး အရေးပါစွာ ဆောင်ရွက်ရသည်။ "ဤယနေ့ခေတ်တွင် ဆင်းရဲမွဲတေမှုသည် လူ့အခွင့်အရေးဆိုင်ရာ ခေါင်းလောင်းသံတစ်ခုအဖြစ် စိန်ခေါ်နေပြီဖြစ်သည်။ ဆင်းရဲမွဲတေမှု၊ အခြေခံအခွင့်အရေးလျစ်လျူအရှုခံရမှု၊ ချို့တဲ့ငတ်မွတ်မှုနှင့် လူ့အဖွဲ့အစည်းတွင် မပါဝင်ရမှု စသည် လျှော့ချ/တိုက်ဖျက်ရေးသည် လူမှုအဖွဲ့အစည်းများနှင့်မသက်ဆိုင်။ ထို့အတူ တိုင်းပြည်ချမ်းသာခြင်း/မချမ်းသာခြင်းအပေါ်တွင်လည်း တည်မှီခြင်းမရှိ။ လူ့အခွင့်အရေးတာဝန်သိတတ်မှုတစ်ခုအဖြစ် ဆင်းရဲမွဲတေမှုကို ကော်ထုတ်ပစ်ရန် ကျွန်တော်တို့ဘ၀တလျှောက် ဤကြာပွတ်ဆိုးကြီးကို ဖျက်ဆီးပစ်ဖို့ ကမ္ဘာတွင် အခွင့်အရေးရှိနေပါသည်။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးသည် ရောက်အောင်လှမ်းနိုင်သည့် ပန်းတိုင်တစ်ခုဖြစ်ပါသည်"ဟု ကုလသမဂလူ့အခွင့်အရေး မဟာမင်းကြီး လူးဝစ်အာဘာ က ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ (လူ့အခွင့်အရေးနေ့)တွင် ပြောကြားခဲ့သည်။
လူ့အခွင့်အရေးကြေညာစာတမ်း အနှစ်(၆၀)မြောက် အထိမ်းအမှတ်ပွဲတော်ကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျင်းပစဉ် ကုလအထွေထွေအတွင်းရေးမှူးချုပ်က တစ်နှစ်ကြာ လူ့အခွင့်အရေးလှုပ်ရှားမှုအစီအစဉ်ကို စတင်အသက်သွင်းခဲ့သည်။ ယူ.ဒီ.ဟိုက်ခ်ျ.အာ (ခ) ယင်းကြေညာစာတမ်းသည် (သမ္မာကျမ်းစာမှတပါး) ကမ္ဘာတွင် ဘာသာပေါင်းစုံသို့ ဘာသာပြန်အများဆုံး ကမ္ဘာ့မှတ်တမ်း ၀င်သွားခဲ့ပြီဖြစ်သည်။ ကမ္ဘာအရပ်ရပ်ကအဖွဲ့အစည်းများကလည်း ကမ္ဘာအရပ်ရပ် ပြည်သူများ မိမိတို့အခွင့်အရေးသိရှိလာစေရန် ၀ိုင်းဝန်းကူညီ ကြိုးစားလှုပ်ရှားခဲ့ကြလေသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်၊ လူ့အခွင့်အရေးနေ့အမှတ်တရ . . .

 Wikipedia ကမ္ဘာ့လွတ်လပ် အခမဲ့စွယ်စုံကျမ်းမှ ဘာသာပြန်ဆိုဖော်ပြပါသည် . . .

Wednesday, November 19, 2014

ကိုးရာမဲ့တို့ နားခိုရာ . . .


ကိုးရာမဲ့တို့ နားခိုရာ . . .

_____________________________
. . . . . . . . . . . . . . . . . . . . . . . . . . 

တံတားဦးမြို့နယ်အတွင်းမှ ရွာညောင်လှရွာတွင် ဖြစ်၏။ လယ်ယာစိုက်ပျိုးရေးကို မှီခိုအားထားနေကြရသော ရွာငယ်လေး . . ။

အိမ်ခြေ ၄၀၀ ကျော်မျှသာရှိသည့် ဤရွာလေးတွင် မှီခိုအားထားနေကြရသော လူအများစုမှာ မြန်မာလူမျိုး လယ်သမား၊ ယာသမား၊ လက်လုပ်လက်စား လူတန်းစားထုမျှသာ ဖြစ်လေသည်။ လယ်ပိုင်ယာပိုင်ရှိသလို အခြားလယ်၊ယာများတွင် လုပ်ကိုင်စားသောက်ကြသော အလုပ်သမားလူတန်းစားများလည်းရှိလေသည်။ လယ်ပိုင်ယာပိုင်၊ လယ်ရှင်ယာရှင်များမှာလည်း ယခုနှစ် ရာသီဥတုအခြေအနေမကောင်းလှသဖြင့် သီးနှံအထွက်တိုးကျဆင်းပြီး ရွာသူရွာသားများမှာ စီးပွားရေးထိခိုက်ကုန်ကြသည်။ လယ်ရှင်ယာရှင်များ စီးပွားလုပ်ငန်းထိခိုက်ကြသောအခါ လယ်ယာအလုပ်သမားစုမှာလည်း အလုပ်လက်မဲ့ဖြစ်ကုန်ကြသည်။ အချိန်ကာလမှာ ၂၀၀၇-၂၀၀၈ ပတ်ဝန်းကျင်တွင်ဖြစ်သည်။

အခြားရွာသူရွာသားများနည်းတူ ဒေါ်ဌေးမြင့်တို့မိသားစုတွင်လည်း ယခုနှစ် ယာအထွက်တိုးကျဆင်းပြီး စီးပွားရေးမပြေမလည်ဖြစ်ကြရသည်။ ဘိုးဘွားစဉ်ဆက် ဓားမဦးချ ယာမြေများဖြစ်ကြ၍ ယာပိုင်များဖြစ်ကြ ရသော်လည်း သီးနှံအထွက်ကမကောင်း၊ ဈေးကမကောင်းဖြစ်ပြီး မိသားစုစီးပွားရေးထိခိုက်ကြရသည်။ နောက်ထပ်စိုက်ပျိုးရာသီ တစ်ရာသီအတွက်ပင်လျှင် အစိုးရချေးငွေစရိတ်ချပေးမှ အဆင်ပြေပြေဖြစ်သွားနိုင်လိမ့်မည်။ အကယ်၍ မရခဲ့ပြန်ပါက ရွာထိပ်က ဦးအုန်းမြင့်ထံမှ ငွေတိုးကြီးချေး၍ စွန့်စားလုပ်ရပြန်လိမ့်မည်။

ဒေါ်ဌေးမြင့်တွင် သမီးနှစ်ယောက်သာရှိပြီး သမီးအကြီးမှာ ယခုလာမည့်နှစ် ဆယ်တန်းတက်ရပေလိမ့်မည်။ ကိုးတန်းတွင်ကြိုးစား၍ ထူးချွန်စွာအောင်မြင်သည့် သမီးကြီးကို ကျောင်းဆက်တက်၍ ဘွဲ့ရပညာတတ်ကြီး ဖြစ်စေချင်လှသည်။ သူတို့၏ဖခင်မှာ သမီးအငယ်မ အခါလည်လောက်ကပင် ဆုံးပါးသွားခဲ့ရာ ဤသမီးနှစ်ယောက်ကို အမေလိုတစ်မျိုး၊ အဖေလိုတစ်မျိုး ကိုယ်ကပင် ပြုစုစောင့်ရှောက် ပျိုးထောင်ပေးခဲ့ရာ သမီးကြီးပင် ယခုအခါ တက္ကသိုလ်ဝင်တန်းသို့ပင် တက်ရောက်ရတော့မည်ဖြစ်သည်။ အောင်စာရင်းထွက်သည့်နေ့က ပျော်ရွှင်နေရှာသော သမီးကြီး၏မျက်နှာကိုတွေးရင်း သမီးကို တက္ကသိုလ်ထိ မရောက်ရောက်အောင် ထားပေးမည်ဟု အခိုင်အမာဆုံးဖြတ်လိုက်ရသည်။

သို့သော် . . ။

သို့သော်၏ နောက်တွင် အတွေးများ ဆက်တိုက်ပါလာကြသည်။ သမီးကို တက္ကသိုလ်ထိရောက်အောင် ထားပေးမည်ဟု စိတ်ကူးသာ ကူးနေရသည်။ ယခုနှစ် သမီး ရှေ့ဆက် ဆယ်တန်းတက်ရဖို့အရေးပင် တွေးကြည့်ရုံဖြင့် ခက်ခဲနေသေးသည်။ တွေးကြည့်ရင်း သမီးပညာရေးအတွက် ရင်မောရပြန်ချေသည်။ ဖတဆိုးသမီးငယ်များမို့ ဖခင်နေရာ ဖခင်ကိုယ်စားမှာနေ၍ အားကိုးမှီတည်ရာဖြစ်ချင်လှသည်။ ဘယ်လိုလုပ်ရပါမည်လဲ?
တွေးရင်းတွေးရင်း ရင်မောလှသဖြင့် ရေအိုထဲမှ ရေတစ်ခွက်ကိုခပ်သောက်ရင်း အိမ်ရှေ့တွင် တံမြက်စည်းလှည်း အမှိုက်ရှင်းနေသော သမီးကြီးကို လှမ်းကြည့်လိုက်မိသည်။ သမီးအကြီးမှာ အကြီးပီပီ လိမ်လည်းလိမ္မာလှသည်။ အိမ်မှုကိစ္စ နောက်ပြန်မကြည့်ရလောက်အောင် တာဝန်ကျေပွန်သည်။ ထို့ကြောင့်လည်း ဒေါ်ဌေးမြင့် ယာထဲကိစ္စတွေကို ရှေ့က သည်းမည်းအာရုံစိုက် လုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ သို့သော် ကြိုးစားလုပ်ကိုင်နေသည့်အကြားမှပင် ယခုနှစ်ရာသီဥတုက ဆိုးဝါးလာပြီး ၀ါဈေးကျကာ နောက်တစ်ရာသီ တစ်သီးပြန်စဖို့ရာပင် ခဲယဉ်းနေပြန်ချေသည်။ ထို့ကြောင့် သမီးပညာရေးအတွက်ရောပါ တွေးမိ၍ အကြံအိုက် အခက်တွေ့နေရသည်။ အကြပ်အတည်းကြားမှ သမီးပညာရေးကိုစွန့််၍ ထားရပြန်မည်ဆိုတော့လည်း နောက်တစ်ရာသီစဖို့မပြောနှင့်၊ ယခုပြီးခဲ့သည့် ရာသီအကြွေးပင် ကျေအောင် ဆပ်နိုင်တော့မည်မဟုတ်ချေ။ ထို့ကြောင့် မထူးတော့သည့်အခြေအနေမို့ သမီးကို အကျိုးအကြောင်းရှင်းပြ၍ နောက်တစ်နှစ်စောင့်ခိုင်းပြီးမှ ဆက်တက်ခိုင်းရတော့မည်။ သမီးဖြစ်သူမှာ လိမ္မာယဉ်ကျေး၊ မိခင်စကားနားထောင်သူမို့ မပြောမဖြစ်မို့ မပြောချင်သော်လည်း အကျိုးအကြောင်းရှင်းပြ၊ ပြောကြည့်ဖို့ရန် ဆုံးဖြတ်လိုက်ရတော့သည်။
"သမီးရေ . . . သမီး"
"ရှင်၊ မေမေ"
"သမီးရေ၊ ခဏ။ မေမေ့ဆီလာပါဦးကွဲ့။ စကားပြောစရာလေးရှိလို့  .. "
"ဟုတ်ကဲ့၊ မေမေ" ပြန်ဖြေရင်း တက်လာသည့် သမီးက သူ့ဘေးနားတွင် ငုတ်တုတ်လေး ကျုံ့ကျုံ့ရုံ့ရုံ့ဝင်ထိုင်သည်ကိုမြင်လာတော့ ရင်ဘတ်ထဲ ပြောရမည့်စကားလုံးများက ဆို့လာသည်။ ပြောမယ်လုပ်ပြီးမှ ပြောရမည့်စကားများက လည်ချောင်းဝတွင် ဆို့တစ်နေပြန်သည်။
"သမီး . . ။ သမီးကို မေမေ ခဏ စကားပြောစရာရှိလို့နော်"
"ဟုတ်၊ ဟုတ်ကဲ့။ မေမေ။ ပြော၊ ပြောပါ"
"သမီး ဒီနှစ် ဆယ်တန်းတက်ရပြီနော်"
"ဟုတ်ကဲ့ မေမေ"
"အေး။ ဒီနှစ် သမီးဆယ်တန်းတက်ရမှာတော့ အမှန်ပဲ။ အမေလည်း သမီးကို ဆယ်တန်းအောင်ရုံတင်မကဘူး၊ တက္ကသိုလ်တက်ဘွဲ့ရသည်ထိပါ ပညာတတ်ကြီးဖြစ်စေချင်တာ သမီးလည်းအသိပဲ"
"ဟုတ်ကဲ့ မေမေသမီးက ဟုတ်ကဲ့လေးလိုက်ရှာရင်း သူမစကားကို ထောက်ပေးနေပေမယ့် ဒေါ်ဌေးမြင့် ပြောရမည့်စကားများက တခါ ရင်ဝတွင် တစ်ဆို့နေရပြန်သည်။ ရှေ့မှာ ချထားသော ရေနွေးဓာတ်ဘူးလေးကို ငှဲ့မယ်လုပ်တော့ သမီးကပင် ၀င်ငှဲ့ပေးရှာသည်။ သမီးမသိအောင် တံတွေးကို မျိုချရင်း သမီး ရှေ့ချပေးလာသော ရေနွေးပန်ကန်လုံးကို ကောက်ကာ ခဏအအေးခံ၊ မှုတ်ရင်း သောက်နေလိုက်သည်။ သမီးက မအေ့မျက်နှာကို ကြည့်ကာ မသိမသာအရိပ်အကဲခတ်နေရှာလေသည်။ လိမ္မာပြီး ဖြူစင်လှသော သမီးမျက်နှာလေးကို ကြည့်ရင်း ဒီစကားကို မပြောတော့ဟု ဆုံးဖြတ်လိုက်မိပြန်သည်။ "အို . .၊ မဖြစ်သေးပါဘူး။ လာမည့်ဘေးတော့ ပြေးတွေ့ရမှာပဲ။ သမီးလည်း လိမ္မာရှာပါတယ်လေ၊ နားလည်ပေးနိုင်ရှာမှာပါ" ဒီလိုတွေးရင်း ပြတ်သွားသည့် စကားစကို ပြန်ဆက်လိုက်သည်။
"သမီး၊ ဒီနှစ် ရာသီဥတုမကောင်းလို့ အမေတို့ ၀ါဈေးတွေကျပြီး အကြွေးပြန်မဆပ်နိုင်တာ သမီးသိတယ်နော်"
"ဟုတ်ကဲ့၊ မေမေ။ သမီးသိပါတယ်"
"အေး. .။ အခုပြီးခဲ့တဲ့ တစ်သီးကလည်း ခုဟာ အမေတို့ ခါတိုင်းနှစ်လိုပဲ ဦးအုန်းမြင့်ဆီကပဲ အတိုးနဲ့ချေးပြီး စိုက်ရတာလေ။ အခု ဒီရာသီက အဆင်မပြေပြန်တော့ အမေတို့ ပြန်မဆပ်နိုင်တော့ဘူး။ ပြန်မဆပ်နိုင်တော့ ဦးအုန်းမြင့် အဲ့ဒီလူကြီးကလည်း အတိုးက အရမ်းကြီးတယ်။ ကိုယ့်ရွာသားချင်းမို့ ဘယ်တုန်းကမှ သက်သာညှာညှာမရှိဘူး ။"
ရေနွေးပန်းကန်ထဲမှ လက်ကျန်ရေနွေးလေးကို ကောက်မော့လိုက်ရင်း သမီးမျက်နှာကို တစ်ချက်အကဲခတ်လိုက်သည်။ သမီးက မိခင်ဘာများပြောရှာမလဲဆိုသည့် သိချင်ဇောမျက်လုံးလေးများဖြင့် စိတ်ဝင်တစား နားထောင်နေရှာသည်။
"ကဲ . .၊ အဲ့ဒါထားပါတော့လေ။ အခုဟာက အမေတို့မှာလည်း ဒီတစ်ရာသီ၊ ဒီတစ်နှစ်တော့ အခက်တွေ့ရပြီ။ အဲ့ဒါလေ. . ဟို . . သမီး ဆယ်တန်းကို  .. နောက်တစ်နှစ်မှ ဆက်တက်ပါလား။ သမီးတို့ကျောင်းက တစ်နှစ်နှစ်နှစ်နားလည်း ကိစ္စမရှိဘူးလေ။ အဲ့ဒါ သမီး ဒီနှစ် တစ်နှစ်နားလိုက်ပါလား။ ပြီးတော့မှ အမေတို့ နောက်တစ်နှစ် ယာထွက်အဆင်ပြေလို့ရှိရင် သမီး ဆက်တက်ပေါ့. .အဲ့ကျမှ အမေ ဆက်ထားပေးမယ်လေ. . ။ နော် . . သမီး။"
"ရှင် . . . မေမေ"
သမီးက အသံတိုးတိုးလေး အာမေဋိတ်ထွက်လာရှာသည်။ ပြီးတော့
"အဟင့်ဟင့် မေမေ။ သမီး အဲ့ဒါဆို ဒီတစ်နှစ် ကျောင်းနားရမှာပေါ့နော်. . ။ဟင့် ဟင့်"
ဘယ်လိုမှထင်မှတ်မထား၊ သမီးခမျာ ကလေးသာသာမျှသာ လူငယ်ဆိုရှာတော့ ၀မ်းနည်းဆို့နင့်ရှာသည်နှင့်တူသည်။ သမီးမှာ အိအိ၊ အိအိနှင့် မျက်ရည်ပေါက်များကျလာရှာပြီး ခမျာ ငိုရှာပါလေတော့သည်။
"သမီး . . ။မငိုပါနဲ့ကွယ် . . ။ မေမေ နောက်နှစ် သေချာပေါက် ဆက်ဆက်ထားပေးမှာပါကွယ် နော်. . ။ သမီး မငိုနဲ့နော်"
"ဟင့် မေမေ. .။ သမီး ကျောင်းဆက်တက်ချင်တယ် . . .မေမေ။ ဟင့်"
သမီးပူဆာရှာသည်တော့မဟုတ်ဘဲ ရင်ထဲက သူ့ခံစားချက်လေးကို ပြောပြဖော်ထုတ်ရှာသည်။ လိမ္မာရိုးသား စာကြိုးစားသည့် ကလေးမို့ ဒေါ်ဌေးမြင့် နားလည်ပေးနိုင်ပါသည်။
သြော်. . .သမီးရယ် ဟုသာ တွေးရင်း ဘယ်လိုမှ ကြံရာလည်းမရသည်မို့၊ ဘယ်တစ်ခွန်းတစ်စမျှ ဆက်၍ မပြောနိုင်၊ နှစ်သိမ့်မပေးနိုင်တော့ပေ။
"မဌေးမြင့်ရေ . . . တော့် မဌေးမြင့်တို့ သားအမိတတွေဘယ်သွားကြတုန်း" ဟုဆိုကာ ပြောပြောဆိုဆိုနှင့် ရွာထဲမှ မလှညွန့်က အသံနှင့်တပါတည်း အိမ်ပေါက် ကောက်ခါငင်ခါ တက်ချလာလေသည်။ ဘေးမှာလည်း မန္တလေးနေသည်ဆိုသည့် သူ့သမီးက အထုပ်ပလုတ်တွေဆွဲထားလျက် ပါလာလေသည်။
"ဟောတော် . . သားအမိတတွေ ၊ ဘာတွေများ ပြောဆိုနေကြတာတုန်း။"
"ဟောတော် . . သမီး ဌေးဌေးလင်း။ ငိုထားတာလည်း။ ဟောတော် . . ။ မဌေးမြင့်ရယ် . . ကလေးကို မကြီးမငယ် ရိုက်များထားတာလား။ ကလေးက အလိမ္မာကြီးကို . ."
မလှညွန့်မှာ မသိဘာသာမနေဘဲ ရမ်းသမ်းမှန်းသမ်း တန်းစီ၍ ကရားရေလွှတ် ပြောနေပါတော့သည်။ ပါးစပ်ကလည်း ပြောရင်း သမီးနားသွားထိုင်ကာ သမီးကို သွားချော့နေပြန်ပါသည်။
"ပြော . . သမီး။ သမီးအမေက သမီးကို ဘာလို့ရိုက်တာတုန်း။ ဟဲ့ . . ဌေးမြင့်၊ ညည်းနှယ်ဟယ်. . . ကလေးမလေး ငါ့သမီး အလိမ္မာလေးကို ညည်းက ဘာကိစ္စရိုက်နှက်ထားရတာတုန်း"

"မလှညွန့်် . . .တော့်နှယ်တော်။ ကျုပ် မရိုက်ပါဘူးတော်. .။ ကျုပ်သမီး အလိမ္မာမှန်း ကျုပ်လည်းအသိပါ. ။ဘာလို့ရိုက်ရမှာလဲ .။ ရိုက်ထားတာမဟုတ်ပါဘူး။ ဒီလိုပဲ . . ဒီတစ်နှစ် အသီးမကောင်းလို့ လာမည့်ရှေ့နှစ် ဆယ်တန်းတက်ရမှာ ကျုပ်က ဆက်ထားမပေးနိုင်လို့ပါ..တော့။ တော့်နှယ် . . "

"သြော်. . .ဟုတ်လား။ သိပါဘူးတော်. . ။ ကဲ . .ကဲ .. သမီး။ တို့တောင် လာရင်းကိစ္စ မေ့ကုန်ပြီ။ ဌေးဌေးလင်းလေး ငိုနေတာမြင်တာနဲ့. .။ တော့်. .မဌေးမြင့် . .။ ဒါ ကျုပ်သမီး မန္တလေးနေတဲ့ အငယ်မ . . မိုးမိုးလေ။ မှတ်မိလား။"
"သြော် . . အေးအေး။ မှတ်မိတာပေါ့ဟဲ့. .။ ဟဲ့ .သမီး မိုးမိုး။ မန္တလေးမှာ နေရထိုင်ရ အဆင်ပြေလားအေ့"

"ဟုတ်ကဲ့ ဒေါ်ဒေါ် ။ အကုန်အဆင်ပြေပါတယ်" ဟု ပြောရင်း သူ့လက်ထဲက ဆွဲလာသော ထိုးမုန့်ထုပ်များကို ဒေါ်ဌေးမြင့်ရှေ့ ချပေးလာသည်။ "သြော်. . ညည်းနှယ်အေ။ လူချည်းသက်သက် လာနှုတ်ဆက်။ ကျေနပ်ပါတယ်အေ့ . . အလကား အကုန်ခံလို့ ၀ယ်လာရတယ်လို့"
"သြော် ဒေါ်ဒေါ်ရယ်။ ဒီရပ်ဒီရွာ ဒီဆွေဒီမျိုးပဲရှိတာ. .။ သီတင်းကျွတ်ကလည်း မလာဖြစ်လိုက်အတူတူ၊ ခုမှပြန်လာဖြစ်ရင်း အဲ့ဒါ ကန်တော့တာ. .။"
"အေးပါအေ. . သာဓုပါတော်၊ သာဓုပါ . .။ ဒီ့ထက်ပိုလို့ အလုပ်ရာထူးတိုးတက်ပါစေတော်. .။ ဒေါ်ဒေါ်ကလေ သမီးကို ညည်းတို့ကို စံထားပြီး ကြိုးစားခိုင်းရတာဟဲ့ . . ။ ညည်းတို့လို ပညာတတ်၊ အလုပ်အကိုင်အဆင်ပြေမှ သမီးတို့တွေလည်း ဒေါ်ဒေါ်တို့လို ယာထဲ မဆင်းရမှာအေ့. . ။ သူ့အဖေကဆိုလေ . . သူ့သမီးတွေကို ပညာတတ်အောင် ဆုံးခန်းတိုင်ထားပေးဖို့ တတွတ်တွတ်မှာသွားရှာတာအေ့ . . ။ ခုတော့ . ."
ပြောရင်း ရင်ထဲဆို့နင့်လာသဖြင့် ဒေါ်ဌေးမြင့်ကြီးတစ်ယောက် မျက်ရည်ဝဲတက်လာ၍ မျက်ရည်လေးကို ပုခုံးပေါ်မှ တဘက်စလေးဖြင့် မျက်ရည်စသိမ်းလိုက်သည်ကို ကြည့်ရင်း မိုးမိုးရင်ထဲ စာနာသနားလာမိပြီး လိမ္မာကြိုးစားသော ဌေးဌေးလင်းလေးကိုလည်း ကူညီပေးချင်လာမိသည်။ ဌေးဌေးလင်းလေးမှာလည်း မိုးမိုး မန္တလေးမသွားခင်က ငယ်စဉ်ကတည်းက မိုးမိုးညီမတစ်ယောက်လို နေခဲ့ကြဖူးသဖြင့် ညီမအရင်းလေးတစ်ယောက်လို သနားခင်တွယ်မိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ကူညီပေးနိုင်သမျှ ဌေးဌေးလင်းလေး ပညာရေးအတွက် ကူညီပေးကြည့်မည်ဟု ဆုံးဖြတ်ရင်း ပြောကြည့်လိုက်ဖြစ်သည်။

"ဒေါ်ဒေါ် . . .။ ဒေါ်ဒေါ့်သမီး . .ဌေးဌေးလင်းလေး ကျောင်းမနားရပါဘူး၊ ဒေါ်ဒေါ်ရဲ့။ တကယ်လို့ ဒေါ်ဒေါ်စိတ်ချမယ်ဆိုရင်လေ. . .ဌေးဌေးလင်းလေးကို မန္တလေး၊ သမီးနေတဲ့ကျောင်းကို ခေါ်သွားမယ်လေ။ အဲ့ဒီကျောင်းမှာက ပညာရေးအခမဲ့ . . ဘာဆိုဘာမှ တပြားသားမှမပေးရဘူး။ အဝေးကလာကြရတဲ့ကျောင်းသားလေးတွေအတွက်ဆို မိန်းကလေးဖြင့်လည်း မိန်းကလေးဆောင်နဲ့ သီးသန့်နေရာပေးထားသေးတယ်. ဒေါ်ဒေါ်ရဲ့ . .။ အဲ့ဒါ လေ . . ဒေါ်ဒေါ်အဆင်ပြေမယ်ဆိုရင် သမီးနဲ့ ထည့်ပေးလိုက်လေ. . ။ သမီးစောင့်ရှောက်ပေးလို့ အဆင်ပြေပါတယ်. .။"

ဌေးဌေးလင်းလေးမျက်လုံးများ လင်းလက်သွားသလို ဒေါ်ဌေးမြင့်ရင်ထဲလည်း သမီးပညာရေးအတွက် ၀မ်းမြောက်သွားမိသည်။ သမီးကို မခွဲချင်၊ မခွဲရက်ပေမယ့် သမီးရှေ့ရေး ပညာရေး၊ သမီးဘ၀အတွက်မို့ သမီးတို့အဖေကြီးလည်း ဖြစ်စေချင်ခဲ့သလို၊ ဒေါ်ဌေးမြင့် မိမိကိုယ်တိုင်ကိုယ်၌ကလည်း သမီးတွေကို သူ့အဖေရည်ရွယ်ချက်အတိုင်း ဖြစ်စေချင်သည်မို့ တခါတည်းပင် ဖြေလိုက်မိပါသည်။

"သမီးပညာရေးပဲ . . . ခွင့်ပြုပေးရမှာပေါ့"
"ဟေး . . ." အပျော်တွေနှင့်ထအော်လိုက်ရင်း မအေ့ပါးကို ဖက်နမ်းလာသော သမီးနှင့် မိမိတို့သားအမိကိုလှမ်းကြည့်နေသော အပြုံးတွေနှင့် ပြုံးရင်း ငေးကြည့်နေသော မိုးမိုးကိုလည်း ကျေးဇူးတင်မိပေသည်။
သမီး မိုးမိုးလည်း ကျန်းမာချမ်းသာပါစေတော် . .
* * * * *
ဒီနေ့ . . သမီးတို့ ဆယ်တန်းစာမေးပွဲအောင်စာရင်းတွေ ထွက်မယ့်နေ့တဲ့။
သမီးက မနေ့ညက ကြိုဖုန်းဆက်ထားသည်။ ဒီမနက် ခုချိန်လောက်ဆိုလျှင် သမီး အောင်စာရင်းကြည့်ပြီးလောက်ရော့မည်။ အိမ်လှေကားတက်ခုံထိုင်နေရင်း သမီးအကြောင်း တွေးနေတုန်း ရွာထိပ်က ဘုန်းကြီးကျောင်းက ဓာတ်စက်သံပေါ်ထွက်လာသည်။ "ဒေါ်ဌေးမြင့်ခင်ဗျား။ ဖုန်းလာနေပါတယ်ခင်ဗျား"ဟူသောအသံ လေးငါးခါဆက်တိုက်ထွက်လာတော့မှ အတွေးမျှင်စကိုဖြတ်ကာ ကမန်းကတန်း ခုံဖိနပ်ထူထူကို ကောက်စီးရင်း အပြေးလေး ရွာဦးဘုန်းတော်ကြီးကျောင်းဆီဘက်သို့ ပြေးထွက်သွားမိလေသည်။
"ဟယ်လို မေမေလား"
"အေး . . .သမီး။ အောင်လား?" ကမန်းကတန်းနှင့် သမီးအဖြေကိုပင် မစောင့်ဘဲ ဒရောသောပါးမေးလိုက်မိတော့ သမီးက
"ဟုတ်ကဲ့မေမေ။ အောင်တယ်. . ။ ဂုဏ်ထူးနှစ်ခုပါတယ်" တဲ့. . ။ ဒေါ်ဌေးမြင့်လေ ၀မ်းသာလွန်းလို့ ဖုန်းကို တရွှတ်ရွှတ်နမ်းနေမိလေသည်။ အေး ဒါမှ ငါ့သမီးဟေ့ လို့လည်း ရင်ထဲမှ အထပ်ထပ်အော်နေမိလေသည်။ ထိုနေ့တစ်နေ့လုံး ဒေါ်ဌေးမြင့်မှာ ရွာထဲ တွေ့သမျှသူကိုတွေ့တိုင်း သမီး ဆယ်တန်းဂုဏ်ထူးနှစ်ခုနှင့် အောင်မြင်ကြောင်းကို ဖောင်ဖောင်ကြီး ကရားရေလွှတ်ပြောပြနေမိလေတော့သည်။

* * * * *

သမီး ဌေးဌေးလင်းမှာ ဒီနှစ် တက္ကသိုလ်ဆက်တက်တော့မည်ဟုဆိုသည်။ မေမေ ၀န်တာမလေးရအောင်ဟုဆိုကာ အရင်ဆုံး သူတို့ဖောင်တော်ဦးကျောင်းမှာ ရုံးဌာနဘက်၊ ဘ.ကကျောင်းရုံးလုပ်ငန်းဌာနဘက် အလုပ်ဝင်နေသည်မှာ လေးငါးခြောက်လပင်ရှိပြီး ယခု သူလျှောက်ထားသည့် အဝေးသင်ပညာရေး ပထမနှစ်ကို စတက်တော့မည်ဖြစ်သည်။ အမေ့ကို ပင်ပန်းမှာစိုး၍ဟုဆိုကာ သူ့ပိုသည့်လစာထဲမှ တစ်ဝက်ကို ပို့ပေးနေပြီး ယာတောအလုပ်ကိုပင် နားခိုင်းနေလေပြီ။ သမီးအလိမ္မာ၏သိတတ်လိမ္မာမှုကိုတွေးမိတိုင်း ဒေါ်ဌေးမြင့်မှာ ကြည်နူးဝမ်းသာဖြစ်ရသည်။ သမီးအငယ်မကိုလည်း သမီးအကြီးမ၏လစာဖြင့်ပင် ယခုတော့ အဆင်ပြေပြေထားနိုင်နေခြင်းဖြစ်သည်။
သမီးအကြီးက ပြောသည်။ သူမ ကျောင်းပြီးသွားလျှင် ဖောင်တော်ဦးကျောင်းကြီးမှာ သုံးလေးငါးနှစ်ခန့်တော့ ကျေးဇူးဆပ်ရင်း အလုပ်လုပ်ပေး၊ တာဝန်ထမ်းဆောင်ပေးချင်သေးသည်ဟုဆိုသည်။ ပြီးမှ ရွာသို့ပြန်လာကာ မန္တလေးကျောင်းကိုယ်စား ကျောင်းကျေးဇူးဆပ် ရွာဘုန်းဘုန်းကျောင်းမှာ စာသင်စာပြလုပ်ပေးချင်သည်ဟုဆိုလေသည်။ မိခင်ကျေးဇူးအပြင် သူ့ကို ပညာသင်ပေးခဲ့သည့် ဖောင်တော်ဦးပရဟိတကျောင်းတော်ကြီးရဲ့ကျေးဇူး၊ ရပ်ရွာကျေးဇူး၊ ရွာကျောင်းဆရာတော်ကျေးဇူးတို့ကိုပါ သိတတ်လိမ္မာစွာ ဖုန်းပြောတိုင်း သူ့စိတ်ကူးတွေကို ပြောပြောပြနေတတ်သည့် သမီးအလိမ္မာကို စိတ်ထဲမှ၊ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်နေမိသည်။ ကျေးဇူးသိတတ်သည့် သမီးစိတ်ကူးတွေ တကယ်ဖြစ်လာမှာပါဟု တွေးရင်း ဒေါ်ဌေးမြင့်တစ်ယောက် သမီးကို မေတ္တာပို့ပေးနေမိသည်မှာ နေ့စဉ်နှင့်အမျှပင်ဖြစ်လေသည်။

* * * * *

သမီး ဌေးဌေးမြင့်တစ်ယောက် ဒီနေ့မနက်ကပင် သူ့ကျေးဇူးရှင် မိုးမိုးနှင့် ပြန်ရောက်လာသည်။ ဒေါ်ဌေးမြင့်၏အိမ်တွင်မှာတော့ ရွာထဲက လူငယ်၊ ကလေး၊ လူကြီးရော အစုံအလင်ပင် ရောက်ရှိနေကြသည်။ သမီးဌေးဌေးလင်းက ပြောသည်။ ဤတစ်ခေါက် သမီးပြန်လာသည်မှာမူ အခါတိုင်းကဲ့သို့ တစ်လလေးသီတင်းခန့် ခွင့်ရ၍ ပြန်လာတော့ခြင်းမျိုးမဟုတ်တဲ့. . ။ ဖောင်တော်ဦးကျောင်း၏ ဘ.ကကျောင်းများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ သင်တန်းမှူးဆရာမတစ်ယောက်အဖြစ် ပြန်လာခြင်းဖြစ်သည်တဲ့. .။ သူကျေးဇူးဆပ်ချင်ခဲ့သည့်ရွာကို ကျေးဇူးဆပ်ဖို့ရန် ရွာဦးဘ.ကကျောင်းမှာ တစ်နှစ်တိတိ သင်တန်းပို့ချ၊ စာသင်ပေးဖို့ရာရောက်ရှိလာတာတဲ့. .။ ပျော်တပြုံးပြုံးနှင့် လာသမျှ ရွာသူရွာသားအားလုံးကို ဧည့်ခံ၍ မမောနိုင်သူကတော့ ဒေါ်ဌေးမြင့်ကြီးပင်ဖြစ်လေသည်။
မှန်ပေသည်။ ဌေးဌေးလင်းမှာ ယခုအခါတွင် နယ်လှည့် ဘ.က သင်တန်းဆရာမ ဒေါ်ဌေးဌေးလင်းပင်ဖြစ်၍ နေလေပြီ။ ပြီးခဲ့သည့်နှစ်နှစ်ခန့်က တက္ကသိုလ်ကျောင်းအပြီး အင်္ဂလိပ်စာသင်တန်းနှင့် ပီ.စီ.ပီ ခေါ် သင်တန်းများတက်ရောက်ရင်း နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးမဟာဘွဲ့အတွက် ပညာသင်ဆုရရှိချီးမြှင့်ခံရပြီး နိုင်ငံခြားတွင် တစ်နှစ်ပညာသွားရောက်သင်ယူကာ ယခုအခါ ပြန်လည်ရောက်ရှိလာပြီး မိခင်ဖောင်တော်ဦးကျောင်းကြီးကိုလည်း ကျေးဇူးဆပ်ရင်း ဇာတိရွာလေးကိုလည်း ကျေးဇူးဆပ်ရင်း ယခုအခါတွင်မတော့ ဌေးဌေးလင်း(ခေါ်) သင်တန်းဆရာမလေး ဒေါ်ဌေးဌေးလင်းတစ်ယောက် တံတားဦးနယ်၊ ရွာညောင်လှရွာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရာသီဥတုအခြေအနေကြောင့် ဆယ်တန်းမတက်နိုင်သေးဘဲ တစ်နှစ်နားရမည့်အခြေအနေမှာ အခွင့်သာစွာ ရောက်ရှိခဲ့သည့် ဖောင်တော်ဦးဘ.ကကျောင်းတော်ကြီးတွင် သမီးဌေးဌေးလင်းတစ်ယောက် ဆယ်တန်းပညာသာမက တောက်လျှောက် တက္ကသိုလ်အဆင့်မြင့်ပညာများ၊ စီမံခန့်ခွဲရေးပညာများ၊ ဘ၀တက္ကသိုလ်ပညာများကို ရှာဖွေဆည်းပူး၊ ပညာရင်နို့ သောက်စို့ရင်း တစ်ဘက်က ကျောင်းတော်ကြီးကျေးဇူးကိုဆပ်ရန် တာဝန်ထမ်းဆောင် အလုပ်လုပ်လျက် ရှမ်းပြည်အစရှိသည့် မြန်မာနိုင်ငံတနံတလျား ဒေသအသီးသီးရှိ ဘ.ကကျောင်းတွေမှာ နယ်လှည့်သင်တန်းဆရာမတစ်ဦးအဖြစ် လှည့်လည်သင်ကြား စေတနာ့ဝန်ထမ်းဆောင်ကာ ယခုတစ်ကြိမ် ရွာသို့ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်လေသည်။ သူ့ဆရာမ မိုးမိုးကို ကန်တော့နေသော သမီးကို ဤတစ်ကြိမ်မြင်တွေ့ရခြင်းမျိုးမှာ အခါတိုင်းတွေ့ဆုံခြင်းမျိုးနှင့်မတူတော့ချေ။ စေတနာလေပြေလေညင်းများနှင့်အတူ ကျေးဇူးသိတတ်ခြင်းလေပြေတို့ကြောင့် ကံကြမ္မာတိမ်တိုက်မည်းများမှ မြူကင်းစင်းစွာထွက်လာရသည့် လမင်းလေးကဲ့သို့ပင် ဒေါ်ဌေးမြင့်မျက်လုံးထဲ မြင်ယောင်တွေးတောနေမိသည်။ ရင်ထဲ၊ ၀မ်းထဲ ပူပင်သောကငြိမ်းလျက် ရွာက ကလေးသူငယ်၊ လူငယ်များကို ကြိုးစားကြဖို့ တိုက်တွန်းပြောဆိုနေသည့် စာရေးဆရာမပေါက်စလေး  သမီး ဌေးဌေးလင်းကို ကြည့်ရင်း ဒေါ်ဌေးဌေးမြင့်တစ်ယောက် ပီတိဖြစ်နေမိသည်။ ဟုတ်လေသည်. . ၊ သမီး ဌေးဌေးလင်း ပြောသည့်အတိုင်းပင်၊ ဖောင်တော်ဦးပရဟိတကျောင်းတော်ကြီးက မြန်မာနိုင်ငံတနံတလျား တိုင်းရင်းသား၊ လူငယ်မြောက်မြားစွာတို့၏ ဘ၀ကိုမြှင့်တင်ပေးနေသည့် နေရာဌာနကြီးပင်ဖြစ်လေသည်။ သမီး ပြောစကားအရဆိုလျှင် ဖောင်တော်ဦးဘ.က ပရဟိတကျောင်းသည် . . .

"ကိုးရာမဲ့တို့ နားခိုရာ"တဲ့ . . ။

တကယ်လည်း အမှန်ပင်ဖြစ်ပါတော့သည်။

(မန္တလေးမြို့၊ ဖောင်တော်ဦးပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဂုဏ်ပြုသောအားဖြင့် . . . ဖောင်တော်ဦးကျောင်း၊ Pre-College Program (P.C.P) ဒုတိယအပတ်စဉ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူများ သရုပ်ဖော်၊ ရည်ညွှန်းသော လက်တွေ့ဘ၀ဖြစ်စဉ် ဇာတ်လမ်းတစ်ခုကို ကာယကံရှင်များ၏အမည်များ၊ ရွာအမည်များကို ပြောင်းလဲအစားထိုး၍ ခံစားရေးဖွဲ့ တင်ပြအပ်ပါသည်။)

Sunday, April 7, 2013

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့များ

Happy Myanmar New Year!!! မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း၊ နှစ်သစ်တွင် ရွှင်လန်းချမ်းမြေ့၊ ပျော်ရွှင်ကြည်နူးကြပါစေကြောင်း ဇော်ဝင်းထက် ဘလော့ဂ်မှ ဆုမွန်ကောင်းတောင်း၊ မေတ္တာပို့ သအပ်ပါသည်။


မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့များ

မြန်မာနိုင်ငံ၌ ပြန်တမ်းဝင်ရုံးပိတ်ရက်နေ့မဟုတ်သော အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့များ

၁။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (မတ်လ ၈-ရက်)
၂။ ကမ္ဘာ့ရေသယံဇာတနေ့ (မတ်လ ၂၂-ရက်)
၃။ ကမ္ဘာ့ကျန်းမာရေးနေ့ (ဧပြီလ ၇-ရက်)
၎။ ကမ္ဘာ့ကြက်ခြေနီနေ့ (မေလ ၈-ရက်)
၅။ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (မေလ ၃၁-ရက်)
၆။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (ဇွန်လ ၅-ရက်)
၇။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ 
    (ဇွန်လ ၂၆-ရက်)
၈။ အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ (ဇူလိုင်လ ပထမပတ်၊ စနေနေ့)
၉။ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ (ဇူလိုင်လ ၇-ရက်)
၁၀။ ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးနေ့ (သြဂုတ်လ ပထမပတ်)
၁၁။ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (စက်တင်ဘာလ ၈-ရက်)
၁၂။ ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ရေးနေ့ (စက်တင်ဘာလ ၁၆-ရက်)
၁၃။ ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ (အောက်တိုဘာလ ၁-ရက်)
၁၄။ ကမ္ဘာ့ဆရာများနေ့ (အောက်တိုဘာလ ၅-ရက်)
၁၅။ ကမ္ဘာ့စာပို့တိုက်နေ့ (အောက်တိုဘာလ ၉-ရက်)
၁၆။ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (အောက်တိုဘာလ ၁၁-ရက်)
၁၇။ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (အောက်တိုဘာလ ၁၆-ရက်)
၁၈။ ကမ္ဘာ့ကုလသမဂ္ဂနေ့ (အောက်တိုဘာလ ၂၄-ရက်) 
၁၉။ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (ဒီဇင်ဘာလ ၁-ရက်)
၂၀။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာလ ၃-ရက်)

ဆရာ နန္ဒာမိုးကြယ် ပြုစုရေးသားသော “သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက် (၁၀၀)” စာအုပ်မှ ကူးယူစီစဉ် ဖော်ပြပါသည်။
 

I'm writing and posting some Myanmar Grammar Level-1 lessons. Next Post = Myanmar Grammar Level -1 Module 1. နောက်ထပ် အဆင့်-၁ မြန်မာသဒ္ဒါသင်ခန်းစာများ တင်ပြနိုင်ရန်ကြိုးစားနေပါသည်။ မြန်မာသဒ္ဒါသင်ခန်းစာများ အဆင့်-၁၊ အခန်း-၁ ကို မုကာမီ တင်သွားပါမည်။

INTERNATIONAL DAYS

ကမ္ဘာ့အထိမ်းအမှတ်နေ့များ

အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့များ (International Days)

ဇန်န၀ါရီလ

(၁) ရက်နေ့  =  ကမ္ဘာ့မိသားစုနေ့ (၀ါ) ကမ္ဘာ့ငြိမ်းချမ်းရေးနေ့

(၂၆) ရက်နေ့  =  အပြည်ပြည်ဆိုင်ရာ စားသုံးသူများနေ့

(၂၇) ရက်နေ့  = သုံ့ပန်းဓားစာခံများ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ အောက်မေ့အခမ်းအနား

(၃၁) ရက်နေ့  = လမ်းဘေးကလေးသူငယ်များနေ့


ဖေဖော်ဝါရီလ

(၂) ရက်   =  ကမ္ဘာ့စိမ့်မြေများနေ့

(၄) ရက်   =  ကမ္ဘာ့ကင်ဆာနေ့

(၆) ရက်   =  ကမ္ဘာ့အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခံရမှုတိုက်ဖျက်ရေးနေ့

(၁၁) ရက် = ကမ္ဘာ့လူမမာနေ့

(၁၃) ရက် = ကမ္ဘာ့ရေဒီယိုနေ့

(၂၀) ရက် = ကမ္ဘာ့လူမှုတရားမျှတရေးနေ့

(၂၁) ရက် = အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့


မတ်လ

(၈) ရက် = အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

(၂၀) ရက် = ကမ္ဘာ့သိင်္ဂါရနေ့ (၀ါ) ကမ္ဘာ့ပျော်ရွှင်ဖွယ်န့ (ကလေး၊ လူငယ် ပြဇာတ်ဖြေဖျော်မှုနေ့)

(၂၀) ရက် = ကမ္ဘာ့စာကလေးနေ့

(၂၁) ရက် = ကမ္ဘာ့အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးနေ့

(၂၁) ရက် = ကမ္ဘာ့ကဗျာနေ့(ကမ္ဘာ့ကဗျာဖွဲ့သီအတတ်နေ့)

(၂၁) ရက် = အပြည်ပြည်ဆိုင်ရာ သစ်ပင်၊ သစ်တောများနေ့

(၂၂) ရက် = ကမ္ဘာ့အာပေါနေ့ (ကမ္ဘာ့ရေထုနေ့)

(၂၃) ရက် = ကမ္ဘာ့မိုးလေ၀သဇလဗေဒပညာနေ့

(၂၄) ရက် = ကမ္ဘာ့အဆုတ်ရောဂါနေ့

(၂၄) ရက် =တရားခံများဂုဏ်သိက္ခာနှင့် ရုန့်ရင်းကြမ်းတမ်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ အမှန်တရားနေ့

(၂၅) ရက် = ကျေးကျွန်စနစ်နှင့် ကျေးကျွန်ရောင်းဝယ်လုပ်ငန်းဖျက်သိမ်းမှု အထိမ်းအမှတ်နေ့

(၂၅) ရက် = အထိန်းသိမ်းခံနှင့် ပျောက်ဆုံးဝန်ထမ်းများနှင့်အတူ ထပ်တူထပ်မျှဖြစ်ခြင်းပြ အပြည်ပြည်ဆိုင်ရာနေ့

မတ်လ တတိယပတ်မြောက် သောကြာနေ့ = ကမ္ဘာ့အိပ်စက်ခြင်းနေ့


ဧပြီလ

(၁) ရက် =  ဧပြီမျက်နှာရူးများနေ့(၀ါ) ဧပြီအစအနောက်နေ့

(၂) ရက် = ကမ္ဘာ့သီးခြားလောကလေးများသတိပြုမိရေးနေ့ (ကမ္ဘာ့ အထီးကျန်မှုဝေဒနာ သတိပြုမိရေးနေ့) (သို့မဟုတ်) (ကမ္ဘာ့ မွေးရာပါ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှုနှေးကွေး ဝေဒနာရှင်လေးများသတိပြုမိရေးနေ့)

(၄) ရက် = မိုင်းသတိပြုရေးနှင့် မိုင်းအရေးလှုပ်ရှားမှုကူညီရေး အပြည်ပြည်ဆိုင်ရာနေ့

(၇) ရက် = ရ၀မ်ဒါလူမျိုးတုံးသတ်ဖြတ်ရေးဓားစာခံများ အောက်မေ့တမ်းတနေ့

(၇) ရက် = ကမ္ဘာ့ကျန်းမာရေးနေ့ 

(၁၂) ရက် = လူ့သမိုင်း အာကာသယာဉ်ပျံသန်းမှု အပြည်ပြည်ဆိုင်ရာနေ့

(၂၂) ရက် = မိခင်ကမ္ဘာမြေနေ့

(၂၃) ရက် = ကမ္ဘာ့စာအုပ်နှင့် မိတ္တူခွင့်နေ့

(၂၅) ရက် = ကမ္ဘာ့ငှက်ဖျားရောဂါနေ့

(၂၆) ရက်  = အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပညာတတ်ကဗျာပညာနေ့

(၂၈) ရက်  = ကမ္ဘာ့ အလုပ်ခွင်လုံခြုံရေးနှင့် ကျန်းမာရေးနေ့

(၂၉) ရက်  = ဓာတုလက်နက်သုံးစစ်ပွဲ(ဓာတုစစ်ပွဲ)သင့် ဓားစာခံများအားလုံး အောက်မေ့ခြင်းနေ့

(၃၀) ရက် = အပြည်ပြည်ဆိုင်ရာ ၁၉ ရာစုနှောင်းပိုင်း ဒုန်းကြမ်းဝုန်းကြမ်းဂီတ(ဂျက်ဇ်ဂီတ)နေ့


မေလ

(၁) ရက် = အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(ကမ္ဘာ့အလုပ်သမားနေ့)

(၃) ရက် = ကမ္ဘာ့ပုံနှိပ်လွတ်လပ်ခွင့်နေ့

(၈) ရက် - (၉) ရက် = ဒုတိယကမ္ဘာစစ်သင့် အသက်ဆုံးရှုံးသူများနှင့် ပြန်ပေါင်းထုပ်ခြင်းနှင့် အောက်မေ့သတိရခြင်းကာလ

(၁၂) ရက် - (၁၃) ရက် = ကမ္ဘာ့ပြောင်းရွှေ့ငှက်နေ့

(၁၅) ရက် = အပြည်ပြည်ဆိုင်ရာ မိသားစုများနေ့

(၁၇) ရက် = ကမ္ဘာ့ ခေတ်မီပစ္စည်းသုံးဆက်သွယ်ရေးနှင့် သတင်းလူ့အဖွဲ့အစည်းနေ့

(၂၁) ရက် = ကမ္ဘာ့ တွေ့ဆုံဆွေးနွေးရေးယဉ်ကျေးမှုမျိုးနှင့် ဖွံ့ဖြိုးရေးနေ့

(၂၂) ရက် = အပြည်ပြည်ဆိုင်ရာ ဇီဝဗေဒမျိုးကွဲများနေ့

(၂၉) ရက် = အပြည်ပြည်ဆိုင်ရာ ကုလ ငြိမ်းချမ်းရေးထိန်းသိမ်းသူများနေ့ (အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးသမားများနေ့)

(၃၁) ရက် = ကမ္ဘာ့ဆေးရွက်ကြီးမဲ့ နေ့(ကမ္ဘာ့ဆေးရွက်ကြီး အသုံးမပြုရေးနေ့)


ဇွန်လ

(၁) ရက် = ကမ္ဘာလုံးဆိုင်ရာ မိဘများနေ့

(၄) ရက် = အပြည်ပြည်ဆိုင်ရာ ရန်စမှုဒဏ်သင့် အပြစ်မဲ့ကလေးဓားစာခံများနေ့

(၅) ရက် = ကမ္ဘာ့ပတ်ဝန်းကျင်နေ့

(၈) ရက် = ကမ္ဘာ့ပင်လယ်သမုဒ္ဒရာများနေ့

(၁၂) ရက် = ကလေးလုပ်သားပပျောက်ရေးနေ့

(၁၄) ရက် = ကမ္ဘာ့သွေးလှူရှင်နေ့

(၁၅) ရက် = ကမ္ဘာ့သက်ကြီးရွယ်အို အနှိပ်စက်ခံရမှု သတိပြုမိရေးနေ့

(၁၇) ရက် = သဲကန္တာရဖြစ်လာမှုနှင့် မိုးခေါင်မှု ကမ္ဘာ့တိုက်ပွဲနေ့

(၂၀) ရက် = ကမ္ဘာ့ဒုက္ခသည်နေ့

(၂၃) ရက် = ကမ္ဘာ့ကုလသမဂ္ဂ လူထုဝန်ထမ်းနေ့(၀ါ) လူထုဝန်ဆောင်မှုနေ့

(၂၃) ရက် = အပြည်ပြည်ဆိုင်ရာ မုဆိုးမနေ့

(၂၅) ရက် = သဘောင်္သားနေ့

(၂၆) ရက် = အပြည်ပြည်ဆိုင်ရာ ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ကူးသန်းရောင်းဝယ်မှု

ဆန့်ကျင်ရေးနေ့

(၂၆) ရက် = နှိပ်စက်ခံဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာနေ့

 

ဇူလိုင်လ

(၆) ရက် = အပြည်ပြည်ဆိုင်ရာသမ၀ါယမအဖွဲ့များနေ့

(၁၁) ရက် = ကမ္ဘာ့လူဦးရေနေ့

(၁၈) ရက် = အပြည်ပြည်ဆိုင်ရာ နယ်ဆင် မန်ဒဲလားနေ့

(၂၈) ရက် = ကမ္ဘာ့အသည်းရောင်ရောဂါနေ့

(၃၀) ရက် = အပြည်ပြည်ဆိုင်ရာ မိတ္တလောကန့(၀ါ) အပြည်ပြည်ဆိုင်ရာ မိတ်ဖြစ်ဆွေဖြစ်နေ့ (အပြည်ပြည်ဆိုင်ရာ မိတ်ဆွေသူငယ်ချင်းနေ့)


သြဂုတ်လ

(၉) ရက် = ကမ္ဘာ့တိုင်းရင်းသားပြည်သူများ အပြည်ပြည်ဆိုင်ရာနေ့

(၁၂) ရက် = အပြည်ပြည်ဆိုင်ရာ လူငယ်နေ့

(၁၉) ရက် = ကမ္ဘာ့လူသားချင်းစာနာထောက်ထားနေ့

(၂၃) ရက် = အပြည်ပြည်ဆိုင်ရာ ကျွန်ကူးသန်းရောင်းဝယ်မှုနှင့် ဖျက်သိမ်းခြင်း အောက်မေ့မှုနေ့ (ယူနက်စကို)

(၂၉) ရက် = နျူကလီးယားစမ်းသပ်မှုများဆန့်ကျင်ရေးနေ့

(၃၀) ရက် = အပြည်ပြည်ဆိုင်ရာ အာဏာဒဏ်သင့် ဆုံးရှုံးနစ်နာသူ ဒုက္ခသည်များနေ့


စက်တင်ဘာလ

(၅) ရက် = အပြည်ပြည်ဆိုင်ရာ ဒါနနေ့

(၈) ရက် = အပြည်ပြည်ဆိုင်ရာ စာတတ်မြောက်ရေးနေ့ (ယူနက်စကို)

(၁၀) ရက် = ကမ္ဘာ့သေကြောင်းကြံမှု တားဆီးကာကွယ်ရေးနေ့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)

(၁၂) ရက် = ကမ္ဘာ့ကုလသမဂ္ဂ တောင်ပိုင်း-တောင်ပိုင်း ပူးပေါင်းဆောင်ရွက်ရေးနေ့

(၁၅) ရက် = အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့

(၁၆) ရက် = အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

(၂၁) ရက် = အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

(၂၆) ရက် = ကမ္ဘာ့ရေကြောင်းသွားလာမှုနေ့

(၂၇) ရက် = ကမ္ဘာ့ခရီးသွားနေ့ (ကမ္ဘာ့ခရီးသွားလာမှုနေ့)

(၂၈) ရက် = ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)

(၂၈) ရက် = ကမ္ဘာ့နှလုံးနေ့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)


အောက်တိုဘာလ

(၁) ရက် = အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့

(၂) ရက် = အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့

(၅) ရက် = ကမ္ဘာ့ဆရာများနေ့ (ယူနက်စကို)

(၇) ရက် = ကမ္ဘာဘုံလောကနေ့

(၉) ရက် = ကမ္ဘာ့စာပို့မှုနေ့

(၁၀) ရက် = ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)

(၁၀) ရက် = ကမ္ဘာ့အမြင်အာရုံနေ့

(၁၁) ရက် = အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်မိန်းကလေးနေ့

(၁၃) ရက် = အပြည်ပြည်ဆိုင်ရာ ကပ်ဘေးလျှော့ချရေးနေ့

(၁၅) ရက် = ကျေးလက်နေ အမျိုးသမီးများနေ့

(၁၆) ရက် = ကမ္ဘာ့အစားအစာနေ့

(၁၇) ရက် = အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှုပပျောက်ရေးနေ့

(၂၄) ရက် = ကမ္ဘာ့ကုလသမဂ္ဂနေ့

(၂၄) ရက် = ကမ္ဘာ့ဖွံ့ဖြိုးရေးသတင်းနေ့

(၂၇) ရက် = ကမ္ဘာ့ရုပ်သံအမွေအနှစ်နေ့(ယူနက်စကို)

 

နိုဝင်ဘာလ

(၆) ရက် = အပြည်ပြည်ဆိုင်ရာ စစ်ပွဲနှင့် စစ်ရေးပဋိပက္ခတွင်း အမြတ်ထုတ်မှု ကာကွယ်ရေးနေ့

(၁၀) ရက် = အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံပညာနေ့ (ယူနက်စကို)

(၁၂) ရက် = ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)

(၁၄) ရက် = ကမ္ဘာ့ဆီးချိုရောဂါနေ့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)

(၁၆) ရက် = အပြည်ပြည်ဆိုင်ရာ ခန္တီနေ့

(၁၆) ရက် = အပြည်ပြည်ဆိုင်ရာ နာတာရှည်အဆုတ်နာအဆုတ်အောင့်ရောဂါနေ့

(၁၈) ရက် = အပြည်ပြည်ဆိုင်ရာ လမ်းကြောင်းသုံ့ပန်းများအောက်မေ့ခြင်းနေ့

(၂၀) ရက် = ကမ္ဘာတစ်လွှား ကလေးများနေ့

(၂၁) ရက် = ကမ္ဘာ့ဒဿနိကဗေဒနေ့

(၂၁) ရက် =ကမ္ဘာ့ရုပ်မြင်သံကြားစက်နေ့

(၂၅) ရက် = အပြည်ပြည်ဆိုင်ရာ အမျိုးသမီးထု အကြမ်းဖက်မှုပပျောက်ကင်းစင်ရေးနေ့

(၂၉) ရက် = အပြည်ပြည်ဆိုင်ရာ ပါလက်စတိုင်းလူထုနှင့်တစ်သားတည်းပြသမှုနေ့


ဒီဇင်ဘာလ

(၁) ရက် = ကမ္ဘာ့ ခု-ကျ-ကူးရောဂါနေ့(၀ါ) ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (သို့) ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့)

(၂) ရက် = အပြည်ပြည်ဆိုင်ရာ ကျွန်စနစ်ဖျက်သိမ်းခြင်းနေ့

(၃) ရက် = အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့

(၅) ရက် = အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး စေတနာ့ဝန်ထမ်းများနေ့

(၇) ရက် = အပြည်ပြည်ဆိုင်ရာ လူထုလေယာဉ်မောင်းပညာနေ့

(၉) ရက် = အပြည်ပြည်ဆိုင်ရာ အဂတိခြစားမှုတိုက်ဖျက်ရေးနေ့

(၁၀) ရက် = လူ့အခွင့်အရေးနေ့

(၁၁) ရက် = အပြည်ပြည်ဆိုင်ရာ တောင်တန်းနေ့

(၁၈) ရက် = အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားနေ့

(၂၀) ရက် = အပြည်ပြည်ဆိုင်ရာ လူသားတန်းတူညီမှုနေ့

http://www.un.org/en/events/observances/days စာမျက်နှာမှ “အပြည်ပြည်ဆိုင်ရာနေ့များ” စာရင်းပါ အထိမ်းအမှတ်နေ့ရက်များနှင့် ၀ီကီပီဒီယ အခမဲ့ ကမ္ဘာ့လွတ်လပ်စွယ်စုံကျမ်းမှ ဖော်ပြထားသော အထိမ်းအမှတ်နေ့ရက်များတို့ကို ဘာသာပြန်ဆိုတင်ပြထားပါသည်။ 

ပြန်လည်ကြိုးစား တည်းဖြတ်တင်ပြပါဦးမည်။

ကျေးဇူးတင်ပါသည်။

ဇော်ဝင်းထက်

 

သွားရောက်ကြည့်ရှုရန် အညွှန်း

http://www.un.org/en/events/observances/days

http://en.wikipedia.org/wiki/International_days